Home
မြန်မာသတင်း
ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ရွာ မီးလောင်မှု ကျပ် သိန်း ၃၀,၀၀၀ ခန့်ရှိဆုံးရှုံး
DVB
·
November 8, 2023
Khone Lan Phuu fire_08112023

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ထဲက ဝေးလံခေါင်ဖျား ခေါင်‌လန်ဖူးမြို့နယ် ရှိန်းခေါင်ရွာမှာ နို၀င်ဘာလ ၆ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၆၃ အိမ် မီးထဲပါသွားကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်း ၃၀,၀၀၀ လောက်ရှိတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

ရှိန်းခေါင်ရွာမီးလောင်မှုကြောင့် နေအိမ်ပြာကျသွားတဲ့ မိသားစု၀င်တွေ လက်ရှိမှာ ဆွေမျိုးတွေဆီ ခေတ္တယာယီခိုလှုံနေကြတယ်လို့ ရှိန်းခေါင်ရွာ ဓမ္မဆရာတဦးက  ပြောပါတယ်။

"မီးကြိုးရှော့ဖြစ်ပြီး  နေအိမ်တွေမီးလောင်တာဖြစ်ပါတယ်။ ၆၃ အိမ်ပါသွားတယ်။ ဆုံးရှုံးမှုက သိန်းပေါင်း ၃၀,၀၀၀ ကျော်ပြီ။ နေအိမ်ဆုံးရှုံးသွားတဲ့မိသားစုတွေကို အမျိုးတွေက လက်ရှိမှာခေါ်ထားကြတယ်။ ဒါပေမဲ့ ကြာရှည်စွာ ကျွေးမွေးဖို့က မဖြစ်နိုင်ဘူး၊ ယာယီပဲကျွေးနိုင်မယ်။  ဒါကြောင့် အကူအညီမဲ့နေပြီ။”

မီးထဲပြာကျသွားတဲ့ ရှိန်းခေါင်ရွာမှာ နေအိမ်တချို့က ၃ နှစ်လောက် ကြိုးစားပြီးစိုက်ပျိုးထားတဲ့ ရှားကောတွေသိမ်းထားခဲ့တာဖြစ်ပြီး မီးလောင်တဲ့အထဲအကုန်ပါသွားလို့ ဆုံးရှုံးမှုတန်ဖိုးက အများကြီးရှိခဲ့တယ်လို့  ‌ရွာခံနဲ့နီးစပ်သူကလည်း ပြောပါတယ်။

"အမျိုးတွေထဲက မိသားစု ၂ အိမ်လောက်ကိုသိတယ်။ သူတို့က ရှားကော အိတ်ရေ ထောင်ချီ သိုလှောင်ထားတာ မီးထဲအကုန်ပါသွားတယ်။ ခုမီးလောင်သွားတာက ကုန်းပေါ်ဘက်က နေအိမ်တွေအကုန်ပါသွားတာပါ။ အောက်ဘက်ကိုတော့ မီးမကူးခဲ့ဘူး။"

ရှိန်းခေါင်ရွာခံ‌တွေဟာ တရုတ်ပြည်ဘက်ကို အဓိကမှီခိုပြီး နေထိုင်ရကာ  ကိုဗစ်ကာလမှာ တရုတ်နယ်စပ်ပိတ်ခဲ့တာကြောင့် ခက်ခဲစွာနေထိုင်ခဲ့ရပြီး  တရုတ်နယ်စပ်က လွန်ခဲ့တဲ့ ၂ လလောက်မှာ  ပြန်လည်ဖွင့်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ရှိန်းခေါင်ရွာခံတွေဟာ ရှားကောပင်တွေကို အဓိကမိသားစု၀င်ငွေအဖြစ်စိုက်ပျိုးနေကြပြီး ရှားကော ၁ရီကြင်း ( ၁ကျပ်သားခွဲ) ကို ဒေသပေါက်ဈေး တရုတ်ငွေ ၁၅ ကျပ်(RMB )ထိ အရောင်းအ၀ယ်ပြုလုပ်ကြတာပါ။ 

ရှားကောပင်ဟာ ပျိုးပင်စိုက်တဲ့နှစ်ကစတင်ပြီး ၄ နှစ်မြောက်မှာ အသီးတွေ စတင်သီးလာပြီးနောက် ဈေးကွက်ကိုပို့ရတဲ့ နှစ်ရှည်စိုက်ပျိုးပင်တမျိုးဖြစ်ပါတယ်။

ရှားကော ၁ ကျပ်သားခွဲကို မြန်မာငွေလက်ရှိ‌ ပေါက်ဈေးနဲ့ဆို ၆၅၀၀ ကျပ်လောက် ဈေး‌ကွက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်မှုထဲပါသွားတဲ့ ‌ရှိန်းခေါင်ရွာက အိမ်ခြေ ၂၀၀ လောက်ရှိနေပြီး ခေါင်လန်ဖူးမြို့နယ်ဟာ ကျန်းမာရေး၊ ပညာရေးကဏ္ဍနဲ့ လမ်းပန်းဆက်သွယ်ရေးတို့မှာ လက်ရှိအချိန်ထိ အခက်အခဲရှိတဲ့ ဒေသဖြစ်ပါတယ်။

Photo - ရှိန်းခေါင်ရွာခံ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024