ပြင်သစ်နာမည်ကျော် ပန်းချီဆရာ မိုနေးရဲ့ ပန်းချီကားတချပ်ကို အခုလနှောင်းပိုင်းမှာ Ader လေလံကုမ္ပဏီကနေ လေလံတင်ရောင်းချသွားဖို့ ရှိနေပါတယ်။
အင်ပရက်ရှင်းနစ် ပန်းချီကျော် မိုနေးရဲ့ ပန်းချီကားတွေဟာ ပြင်သစ်မိသားစုတွေကြားမှာ ရှိမနေတော့ပဲ ရှားပါးလာနေခဲ့ကာ ပြတိုက်ကြီးတွေ ဒါမှမဟုတ် နိုင်ငံခြား စုဆောင်းသူ တွေဆီမှာသာ အများဆုံးတွေ့ရတာပါ။
ခုတခါ လေလံတင်ရောင်းချမယ့် မိုနေးရဲ့ Les Saules, Giverny လို့ အမည်ပေးထားတဲ့ ဒီပန်းချီကားကတော့ ပြင်သစ်ဈေးကွက်အတွက် ကြီးမားတဲ့အခွင့်အရေးတခု ဖြစ်လာတယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။
၇၃ စင်တီမီတာ × ၉၂ စင်တီမီတာ အရွယ်အစားရှိတဲ့ အဆိုပါ ပန်းချီကားကတော့ မိုနေး ရဲ့ ဆီဆေးလက်ရာတခုဖြစ်ပြီး ဂျူးမိသားစုတစုက ပိုင်ဆိုင်ကာ ပါရီမြို့လယ်က သူတို့ရဲ့ ဇိမ်ခံတိုက်ခန်းတခုမှာ အလှဆင်ပြသထားခဲ့တာပါ။
ဒီကားကို မိသားစုထဲက အဖိုးဖြစ်သူက ၁၉၄၈ ခုနှစ်မှာ နိစ်မြို့က ပြခန်းတခုမှာ ဝယ်ယူခဲ့ တာလို့ ဆိုပါတယ်။
Les Saules, Giverny ပန်းချီကားဟာ ဈေးနှုန်း ယူရိုသန်း ၁၀၀ အထိ ဈေးပေးဝယ် ယူကြရတဲ့ မိုနေးရဲ့ နာမည်ကျော် Water Liliesပန်းချီကားတွေလို မကျော်ကြားပေမယ့် ပန်းချီဆရာရဲ့ အမှတ်တံဆိပ်ပုံစံတခုဖြစ်နေကာ ယူရို ၃ သန်းလောက်ထိ လေလံဈေးရရှိ နိုင်မယ်လို့ ဆိုပါတယ်။
Source/Photo - Reuters