မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌဖြစ်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နွန်ရောင်းဟာ နေပြည်တော်ကို ရောက်ရှိနေတယ်လို့ စစ်ကောင်စီအာဘော် သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဒီတွေ့ဆုံမှုမှာတော့ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက လက်ခံတွေ့ဆုံပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို အခြေခံကာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ရေး၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလဆန်းတုန်းကလည်း တရုတ်နိုင်ငံခြားရေး၀န်ကြီး ချင်ဂန်းဟာ နေပြည်တော်ကို ရောက်လာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်တဲ့အချိန်မှာ မြန်မာကို ပထမဆုံးအကြိမ် လာရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတုန်းကလည်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအပြင် တရုတ်အနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံဘက်က ရပ်တည်နေတာကို ပြသတာဖြစ်တယ်လို့ စစ်ကောင်စီ မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ မေလ ၂ ရက်မှ ၄ ရက်အထိ မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်အတွင်း စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့လည်း သီးခြား တွေ့ဆုံခဲ့ပြီး မြန်မာပြည်တွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နဲ့ပါ တွေ့ဆုံဖို့ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
Photo-MOFA