နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာကို စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာ ၄ ရက် ညနေမှာ ဝင်ရောက်လာခဲ့ပြီး ကျေးရွာသားတွေကို ရိုက်နှက်ဖမ်းခဲ့ပြီးနောက် အမျိုးသား ၁၀ ဦး ဒီနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ကြမ်းကျေးရွာကို အင်အား ၁၀၀ ဝန်းကျင်နဲ့ ဝင်လာတဲ့ စစ်သားတွေက ရွာသား ၆၀ ဝန်းကျင်ကို ကျောက်ကြမ်းရွာ ဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးခဲ့ပြီးနောက် ကျန်တဲ့သူတွေကို ပြန်လွှတ်ပေးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“ရွာထဲကို ဝင်လာတယ်၊ ရွာထဲကအိမ်တွေကို မွှေနှောက်ဖျက်ဆီးတယ်၊ ရွှေငွေတွေကော အကုန်ယူတယ်၊ လူတွေကိုဖမ်းတယ်ဗျာ၊ ကလေးကစ အကုန်ဖမ်းတာ။ ပိုက်ဆံတွေလည်းပါတယ်၊ ပိုက်ဆံပါတဲ့သူတွေဆို မိသားစုတွေပါပါတာ။”
ကျောက်ကြမ်းရွာကိုဝင်တဲ့ စစ်တပ်က ပြည်သူတွေဆီက ငွေကျပ် သိန်း ၁ ထောင်နီးပါး ယူဆောင်သွားတဲ့အပြင် ဖုန်းအလုံး ၆၀ ကျော်ကိုလည်း သိမ်းဆည်းသွားခဲ့တယ်လို့ ဆိုပါတယ်။
“မြေပြင်မှာ ဘာတိုက်ပွဲမှ ဖြစ်တာမရှိပါဘူး။ ဟိုဘက်က ဘာမှမလုပ်ဘူး။ စစ်တပ်ကပဲ လာပြီး ဝင်လာတာပါ။ လမ်းက မုန့်ဆိုင်တွေဆိုလည်း ခါလီတွေဖြစ်ကုန်ပြီ” လို့ ဒေသခံက ပြောပါတယ်။
ကျောက်ကြမ်းရွာ ဘုန်းကြီးကျောင်းထဲကနေ ပြန်လွတ်လာတဲ့သူတွေထဲမှာ တကိုယ်လုံး ရိုက်နှက်ခံထားရသူတွေပါ ရှိနေတယ်လို့ သိရပါတယ်။
နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာထဲက စစ်ကောင်စီတပ်စခန်း အောက်တိုဘာ ၂၉ ရက် မနက်အစောပိုင်း တိုက်ခိုက်ခံခဲ့ရပြီး စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တာကြောင့် အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။