ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးတိုက်ပွဲမှာ တပ်မ ၉၉ မှ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်လွင် အပါအဝင်အရာ ရှိစစ်သည် ၃၁ ဦး သေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။
နိုဝင်ဘာလ ၅ ရက်က မုံးကိုးမြို့က တပ်စခန်းကို ကိုးကန့်တပ်မတော် (MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တပ်မ ၉၉ ၊ ခမရ ၁၁၃ နဲ့ ခမရ ၄၁၈ မှ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်ကြီးအပါအဝင်အရာရှိစစ်သည် ၃၁ ဦး ကျဆုံးခဲ့တာလို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"စခန်းကုန်း တိုက်ပွဲတွေမှာကျတာ တပ်ကအရာရှိစစ်သည် ၃၁ ဦးကျတယ်ပြောတယ်။ ၅ ရက်ည ကတည်းကသိတာ။ ဒါတောင်မြေပြင်မှာ ဘယ်လောက်သေမလဲမသိဘူး။ ရှမ်းမြောက်မှာ ဖြစ်တဲ့တိုက်ပွဲတွေကို ကစထမှူး ၂ နဲ့ ၁ က တွဲပြီးတာဝန်ယူတာ ကစထမှူး ၁ က သူ့အဖွဲ့ထဲမှာ လပခ လည်းပါနေတော့ တပ်မ ၉၉ ကိုခေါ်သုံးတာ။ ရှမ်းမြောက်တိုက်ပွဲက နာမည်ကြီးသွားပြီ ဗျူဟာမှူးအဆင့် တောင်ကျတယ်ဆိုပြီး"လို့ ပြောပါတယ်။
သေဆုံးသူ ဗိုလ်မှူးကြီးအောင်ကျော်လွင်မှာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ထားဝယ်မြို့ အခြေစိုက် အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗျူဟာမှူးတဦးဖြစ်ပြီး အမှတ် ၉၉ ခြေမြန်ဌာနချုပ်ကို ဇွန်လကမှ ပြောင်းရွှေ့လာသူဖြစ်ကာ တပ်မမှူး အဖြစ်ရာထူးတိုးဖို့ စစ်ကောင်စီကလျာထားသူတဦးလည်းဖြစ်တယ်လို့ တပ်မ ၉၉ နဲ့ နီးစပ်သူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
“တပ်မ ၉၉ ရဲ့ ဒုတပ်မမှူး အရင်က ဗိုလ်မှူးကြီးသန်းနိုင်စိုး၊ သူ့ကို မေလကတည်းက လာဘ်စားမှုနဲ့ ဖမ်းထားတော့ သူနေရာကို ဗိုလ်မှူးကြီးအောင်ကျော်လွင်ကို အစားထိုးခန့်လိုက်တာ။ ဇွန်လကတည်းက ခန့်လိုက်တာ။ ဒါပေမဲ့ တပ်မ ၉၉ ကို ဇူလိုင်လကမှရောက်တာ ဗိုလ်မှူးကြီးကနေ ဗိုလ်မှူးချုပ်အဆင့်ကို ရာထူးတိုးဖို့ အသံထွက်နေတာ အခုတိုက်ပွဲမှာ ကျသွားတော့ ဗိုလ်မှူးချုပ် ဖြစ်သွားတာပေါ့။ တပ်ရဲ့သဘောက တိုက်ပွဲမှာသေရင် အရာရှိဆို ရာထူး တဆင့်တိုးပေးတာ”လို့ ရှင်းပြပါတယ်။
စစ်မှတ်တမ်းရုံးက ပြုစုထားတဲ့ စာရင်းတွေအရ အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ရှမ်းမြောက်တိုက်ပွဲမှာ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး ဗိုလ်ကြီး အပါအဝင် အရာရှိစစ်သည် ၂၉၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။