အင်္ဂလန်လက်ရွေးစင်အသင်းဟာ ဘရာဇီးနဲ့ ဘယ်လ်ဂျီယံအသင်းတွေကို အိမ်ကွင်း ဝင်ဘလေမှာ ဖိတ်ခေါ်ပြီး ခြေစမ်းပွဲကစားမှာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲကြီးမတိုင်ခင်မှာ ဘရာဇီးနဲ့ ဘယ်လ်ဂျီယံအသင်းတွေနဲ့ ခြေစမ်းဖို့ လုပ်ဆောင်ခဲ့တာပါ။
အဲဒီခြေစမ်းပွဲနှစ်ပွဲကို လာမယ့် ၂၀၂၄ ခုနှစ် မတ်လ ၂၃ ရက်မှာ ဘရာဇီး၊ မတ်လ ၂၆ ရက်မှာ ဘယ်လ်ဂျီယံအသင်းတွေနဲ့ ခြေစမ်းကစားမှာပါ။
တောင့်တင်းတဲ့ ထိပ်တန်းနှစ်သင်းနဲ့ ခြေစမ်းကစားရမှာက အခွင့်အရေးကောင်းဖြစ်ပြီး ယူရိုပြိုင်ပွဲကြီးအတွက် ပြင်ဆင်သွားမှာဖြစ်ကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။
အင်္ဂလန်အသင်းဟာ ယူရိုခြေစစ်ပွဲစဉ်နှစ်ပွဲဆက် ကစားရဖို့ရှိပေမဲ့ ခြေစစ်ပွဲ အောင်မြင်ထားပြီး ဖြစ်ပါတယ်။
အင်္ဂလန်ဟာ ပြီးခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ်မှာ ခြေစစ်ပွဲအုပ်စုတွင်းပြိုင်ဘက် အီတလီကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။
Photo-Reuters