တရုတ်နိုင်ငံမှာ မြန်မာအလုပ်သမားတွေ တရားဝင်လုပ်ကိုင်ခွင့်ရဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က တင်ပြဆွေးနွေးနေတယ်လို့ အဲဒီဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ-တရုတ်ဖိုရမ်ကို တက်ရောက်ခဲ့တဲ့ ဦးမြင့်နောင်က အဲဒီဖိုရမ်အပြီး ကူမင်းမြို့ရှိ တယ်ဟုန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နဲ့ ပေါင်စန်းဒေသတို့မှ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကိစ္စ တွေ့ဆုံဆွေးနွေးခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီ အလုပ်သမားဝန်ကြီးရဲ့ အခုလိုကြိုးပမ်းဆွေးနွေးမူဟာ အိမ်နီးချင်းတရုတ်နိုင်ငံကို မြန်မာလုပ်သားတွေ ဖောဖောသီသီပို့နိုင်ဖို့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်ကျွမ်းကျင်သူတွေက ပြောပါတယ်။
အမည်မဖော်လိုတဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းရှင်တဦးက "တရုတ်နဲ့မြန်မာက အလုပ်သမားရေးရာ သဘောတူညီမှုတွေ ယူထားတာမရှိဘူး။ အခုတွေ့ဆုံဆွေးနွေးတယ်ဆိုတာ တရားဝင်ဖြစ်အောင် ကြိုးစားတဲ့ လုပ်ရပ်လို့မြင်တယ်" လို့ ပြောပါတယ်။
တရုတ်နဲ့မြန်မာနိုင်ငံဟာ နယ်မြေချင်း ထိစပ်နေတဲ့ နိုင်ငံတွေဖြစ်ပေမယ့် တရုတ်အစိုးရက မြန်မာလုပ်သားတွေကို တရားဝင်ခွင့်ပြုထားတာ မရှိဘူးလို့ အေဂျင်စီတွေဆီက သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြည်ပ ၉ နိုင်ငံကို ပုဂ္ဂလိက အေဂျင်စီတွေကတဆင့် အလုပ်သမား တရားဝင်စေလွှတ်ခွင့် ပေးထားရာမှာလည်း တရုတ်နိုင်ငံ ပါဝင်တာ မရှိပါဘူး။
လက်ရှိမှာ စစ်ကောင်စီက ပြည်ပရောက် မြန်မာတွေနဲ့ ပြည်ပရောက်အလုပ်သမားတွေကို ဝင်ငွေခွန် နှစ်ရာခိုင်နူန်းပေးဆောင်ဖို့၊ လစာရဲ့ ၂၅ ရာခိုင်နူန်းကို ဘဏ်ကတဆင့် တရားဝင်လွှဲဖို့ပြီး ဖိအားပေးနေပါတယ်။
အခုလို ပြည်ပရောက်မြန်မာလုပ်သားတွေရဲ့ နိုင်ငံခြားငွေအပေါ် အကျပ်ကိုင်လာတာတွေကြောင့် ဝေဖန်မှဒတွေလည်း ထွက်ပေါ်နေပါတယ်။