စစ်ကောင်စီတပ်က ကချင်ပြည်နယ်၊ လိုင်ဇာမြို့ကို နိုဝင်ဘာ ၄ ရက် မနက်ပိုင်းက လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ကျည်ဆန်တွေ တရုတ်ပိုင်နက်အတွင်း ကျပြီး တရုတ်နိုင်ငံသား ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့တာကြောင့် တရုတ်နိုင်ငံနဲ့ ဖြေရှင်းနေရတယ်လို့ စစ်ဘက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ပစ်တာက လိုင်ဇာကိုပစ်တာ၊ တရုတ်နယ်နိမိတ်ထဲကို ကျည်ကျပြီး ၁ ဦးက ဆေးရုံမှာသေတယ်၊ ဒဏ်ရာရတဲ့ ၃ ဦးကတော့ ဆေးကုနေတယ်။ ဖြစ်တဲ့နေ့ကတည်းက တပ်ကသိတယ်၊ သိတယ်ဆိုပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို လှမ်းပြီး တောင်းပန်ရတယ်။ အခုချိန်ထိ အဲ့ဒီပြဿနာက ဖြေရှင်းနေရတုန်းပဲ။”
စစ်ကောင်စီဘက်က ရှမ်းမြောက်ဒေသမှာဖြစ်တဲ့ တိုက်ပွဲတွေဟာ တရုတ်နိုင်ငံ နယ်နိမိတ်နဲ့ ထိစပ်နေတဲ့အတွက် နယ်မြေတည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ပြောဆိုဆွေးနွေးခဲ့ပေမဲ့ အကြောင်းပြန်ကြားမှု မရှိဘူးလို့ စစ်ကောင်စီတပ် အရာရှိကြီးတဦးက ဒီဗွီဘီကို ပြောပါတယ်။
“MNDAA တို့ KIA တို့နဲ့ဖြစ်တဲ့ ပြဿနာမှာ တပ်က ဘယ်လိုအကျပ်တွေ့နေလဲဆိုတော့ တရုတ်နယ်စပ်နဲ့ ထိစပ်နေတော့ ရမ်းပစ်လို့မရဘူး။ မြေပြင်မှာ သူတို့တွေက အကုန်စိုးမိုးထားတော့ ခြေလျင်ရော ခြေမြန်ရော သွားလို့မရဘူး။ လေကြောင်းနဲ့ပဲပစ်မှရမှာ။ တရုတ်နယ်စပ်ဘက်ကို တပ်က ပူးပေါင်းပြီးဆောင်ရွက်ဖို့ ပြောပေမဲ့ တိကျတဲ့အဖြေမရဘူး။”
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့မှာ တရုတ်နဲ့ မြန်မာနိုင်ငံ နယ်စပ်ဒေသတည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်အောင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ အကြံပြု တိုက်တွန်းထားတာလည်း ရှိပါတယ်။
မြေပြင်အခြေအနေတွေအရ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နဲ့ ကြူကုတ်(ပန်ဆိုင်း) မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီအနေနဲ့ တပ်ရင်း၊ တပ်ဖွဲ့ စခန်း ၁၀၀ ကေျာ်ထိ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။