ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ကို သောင်ရင်းမြစ်ကူးပြီး ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို နိုဝင်ဘာ ၅ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မဲဆောက်ရှိ မြန်မာတွေထံက သိရပါတယ်။
မြန်မာနိုင်ငံသား ၆ ဦးဟာ မြန်မာနိုင်ငံဘက်ခြမ်းမှ မဲဆောက်မြို့ အမှတ် ၂ ကျေးရွာဘက်ကို နိုဝင်ဘာ ၅ ရက် ည ၇ နာရီမှာ ဝင်ရောက်စဉ် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ မှုခင်းနှိမ်နင်းရေး အရာရှိတွေ၊ အထူးစစ်သားတွေနဲ့တိုးပြီး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
မဲဆောက်ရှိ မြန်မာနိုင်ငံသားတဦးက “မနက်က ကိစ္စတခုနဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို သွားတဲ့အချိန်မှာ သူတို့တွေ့ခဲ့တာ။ ဘာကိစ္စဖြစ်လို့လဲဆိုတာ ရဲကိုတီးခေါက်ကြည့်တာတော့ ခိုးဝင်လို့တဲ့။ အကုန်လုံးက သနားစရာရုပ်လေးတွေနဲ့ဆိုတော့ အစ်ကိုလည်း စိတ်မကောင်းပါဘူး။ သူတို့ကို ကူညီပေးချင်ပါတယ်။ အစ်ကိုလည်း ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ ဘာမှမတတ်နိုင်ပါဘူးလေ” လို့ ပြောပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၆ ဦးကို နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှု ပုဒ်မ ၂၂ အရ အရေးယူဆောင်ရွက်သွားဖို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးမှာ စစ်ဆေးနေတယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
နိုဝင်ဘာ ၅ ရက် မနက်ပိုင်းကလည်း မဲဆောက်မြို့မှာ တရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသား လင်မယားကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးခဲ့ပါသေးတယ်။
မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးသွားမယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ကြေညာခဲ့ပြီး ၂ လအတွင်း မြန်မာနိုင်ငံသား ၁၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။
Photo-Tak Immigration