Home
မြန်မာသတင်း
ချင်းပြည်နယ် ဆမီးမြို့၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ
DVB
·
November 6, 2023
SameeTsp_06112023

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့မှာ ကင်းစောင့်ပြီးပြန်လာတဲ့ စစ်ကောင်စီ တပ်သားတွေကို ချင်းအမျိုးသားတပ်ဦး (CNA/CNF) က တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၄ ရက် မနက် ၁ နာရီက ဆမီးမြို့ လန်အာလွှဲဂိတ်မှာ ကင်းစောင့်တဲ့ စစ်ကောင်စီတပ်သား ၄ ဦး ဘားဝရပ်ကွက်၊ ဆမီးချောင်းဖျားက မိမိတို့စခန်း ပြန်တဲ့အချိန် CNA က ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် တပ်ကြပ်ကြီး အပါအဝင် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ CNA နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားချိန် ဘားဝရပ်ကွက်က ၅ လအရွယ် ကလေးရဲ့မိခင် အသက် ၃၀ အရွယ် ဒေါ်အေးမိုးသွယ် ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့လို့ ပလက်ဝဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆမီးမြို့ခံတဦးက “စစ်သားတွေက ဘာဝရပ်ကွက်နဲ့ ၂ ဖာလုံလောက်ဝေးတဲ့ လန်အာလွှဲဂိတ်ကနေ ည ၁၂ ကင်းပြီးလို့ ပြန်လာကြတာ။ အဲ့ဒီအချိန် အတိုက်ခံရတာလို့ ကြားတယ်။ ကလေးအမေက ခါးမှာ ကျည်ထိသွားတယ်၊ ဆမီးဆေးရုံမှာ ကျည်ထုတ်ပေးဖို့ ဆရာဝန်မရှိလို့ ပလက်ဝဆေးရုံကို လွှဲလိုက်ရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်ကလည်း ဆမီးမြို့က ယာယီရဲစခန်းမှူးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်က မြို့တွင်းနေ ပြည်သူတွေကို လုံခြုံရေး တင်းကျပ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024