စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အာဏာရပြည်သူ့လှုပ်ရှားမှုပါတီ (PAP) ရဲ့ ခေါင်းဆောင်အဖြစ် ဒုတိယဝန်ကြီးချုပ် လောရန့်စ် ဝေါင် အနေနဲ့ တာဝန်ယူသွားဖို့ ရှိတယ်ဆိုပြီး နိုဝင်ဘာလ ၅ ရက်မှာ အတည်ပြုပါတယ်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပသွားမယ့် အထွေထွေ ရွေးကောက်ပွဲကို PAP ပါတီကသာ ဆက်လက် လွှမ်းမိုးထားနိုင်မှာ ဖြစ်တယ်လို့ အများအပြား မျှော်မှန်းထားကြသလို ဝေါင် ကလည်း စင်ကာပူရဲ့ ဝန်ကြီးချုပ်အသစ် ဖြစ်လာဖို့ သေချာသလောက် ရှိနေပါတယ်။
ဒါကြောင့် ၁၉၆၅ ခုနှစ်မှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အာရှတိုက်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အချာ နေရာကို ဝေါင် က ၄ယောက် မြောက် ဝန်ကြီးချုပ်အဖြစ် ဦးဆောင်ရတော့မှာပါ။
၁၉၆၅ ခုနှစ်ကတည်းက ဒီကျွန်းနိုင်ငံကို အုပ်ချုပ်လာခဲ့တဲ့ PAP ပါတီရဲ့ အထွေထွေအတွင်းရေးမှူး အဖြစ်လည်း ဝေါင် က တာဝန်ယူထားပါတယ်။
လွန်ခဲ့တဲ့နှစ်အတွင်း ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၅၀ အရွယ် ဝေါင် က လီရှန်လွန်းရဲ့ နေရာကို ဆက်ခံမယ့်သူအဖြစ် ရွေးချယ်ခံရတဲ့အပြင် ဒုတိယဝန်ကြီးချုပ်အဖြစ်ပါ ရာထူး တိုးလာခဲ့ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့ အထွတ်အထိပ် ကာလမှာလည်း စင်ကာပူအစိုးရရဲ့ အထူးတာဝန်အဖွဲ့ကို ဝေါင် က တွဲဘက်အကြီးအကဲအဖြစ် ဦးဆောင်ခဲ့ပြီး နိုင်ငံရေးအရ အာရုံစိုက်မှုများစွာ ရလာခဲ့ပြန်ပါတယ်။
ဒါ့အပြင် ဝေါင် ရဲ့ ဗိုင်းရပ်စ်အပေါ် ကိုင်တွယ် ဖြေရှင်းနိုင်မှုနဲ့ ပတ်သက်ပြီး အများစုချီးကျူးမှု ရရှိခဲ့ပါတယ်။
Source/Photo-Reuters