ပဲခူးတိုင်း၊ မင်းလှမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ပေါင်းပြီး မီးသွေးတွေတင်လာတဲ့ ကားတစီးကို တော်လှန်ရေးတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်း၊ အရာတော်မြို့မှာတော့ မြို့အဝင် အထွက်လမ်းတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မင်းလှမြို့နယ်၊ စိန်ကန့်လန့်မြို့ချောင်း၊ ရိုးမဖြတ်ကျော်လမ်း မိုင်တိုင် ၄၇ နားမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရိုးမထဲကနေ မီးသွေးတွေ တင်လာတဲ့ Faw ကားတစီးကို နိုဝင်ဘာ ၃ ရက် ညနေပိုင်းမှာ ဒေသကာကွယ်ရေးတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ကားပေါ်မှာပါလာတဲ့ ပျူစောထီး စစ်တပ် သတင်းပေး တယောက်ကိုလည်း ရှင်းလင်းလိုက်တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီ ပျူစောထီးဟာ ကျောက်တံခါးမြို့နယ်က နာမည်ကြီး စစ်တပ်ထောက်တိုင် မြို့ချောင်းအုပ်ချုပ်ရေးမှူး ထွန်းထွန်းနိုင်ရဲ့ လက်ရင်းတပည့် အခြောက်မ (ခ) စံညိုဖြစ်တယ်လို့ ဆိုပါတယ်။
သူဟာ စစ်သားတွေ ရိုးမပေါ်သွားလာရေးအတွက် ကားနဲ့ အကြိုအပို့လုပ်ပေးနေသလို ရိုးမထဲမှာရှိတဲ့ PDF စခန်းနေရာတွေ ရှာဖွေရာမှာ အားကြိုးမာန်တက် လိုက်ပါပြသသူ ဖြစ်တာကြောင့် စစ်ကောင်စီ ထောက်တိုင်အဖြစ် သတ်မှတ်ရှင်းလင်းခဲ့တာ လို့ ဆိုပါတယ်
စစ်ကိုင်းတိုင်း၊ အရာတော်မြို့မှာတော့ နိုဝင်ဘာလ ၃ ရက် မနက်ပိုင်းက စလို့ မြို့ဝင်၊ မြို့ထွက် ကားလမ်းတွေကို စစ်တပ်က ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ပိတ်ဆို့ထားတာဟာ အရာတော်မြို့ စက်မှုလယ်ယာဂိတ်ကို နိုဝင်ဘာ ၃ ရက်နေ့က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်တိုက်ခိုက်လို့ စစ်ကောင်စီအရာရှိ ၁ ယောက် အပါအဝင် ရဲဘော် ၄ ယောက် ကျဆုံးခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “မြို့ဝင်မြို့ထွက်တွေက ပိတ်ထားတာတော့ ဟုတ်တယ်ဗျ။ သူတို့ အဲလိုပိတ်လို့ မုံရွာ-အရာတော်-ရွှေဘိုလမ်း၊ ရွှေဘို-မလဲသာ၊ မြင်းမူလမ်းပိုင်း သွားလာနေတဲ့ ခရီးသည်တင်လိုင်းကားတွေ၊ အိမ်စီးကားတွေ၊ ကုန်ကားတွေ တခြား မြို့ရှောင်လမ်းကနေ ပတ်မောင်းနေရတယ်။ ခရီးကြန့်ကြာမှုတော့ ဖြစ်သွားရတာပေါ့။ ပိုဆိုးတာကတော့ ကလေးမွေးလူနာတွေ၊ ကျန်မာရေးမကောင်လို့ ဆေးကုဖို့ ဆေးရုံသွားမဲ့ လူနာတွေအတွက်ကတော့ ဒုက္ခရောက်သွားတာပေါ့။ သူတို့အခုလို ပိတ်လိုက်လို့ ကျနော်တို့ နယ်ဘက်ကလူတွေအတွက်ကတော့ ပြသာနာ တခုမှမဖြစ်ပါဘူး။ အရာတော်ဈေးဝယ်လို့မရရင် မုံရွာ၊ ရေဦး၊ မြင်းမူ၊ ဒီပဲယင်း၊ စိုင်ပြင် အဲဒီမြို့တွေသွားပြီး ဈေးဝယ်လို့ရတယ်” လို့ ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေေးတွေရဲ့ စခန်းသိမ်းတိုက်ပွဲတွေကြောင့် မြို့ဝင်မြို့ထွက်ကို ပိတ်ဆို့တာဖြစ်တယ်လို့ အရာတော်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“အရာတော်မြို့မှာက စစ်သားအင်အားမလုံလောက်လို့ မြို့ကို ပိတ်တာဖြစ်မယ်။ နိုဝင်ဘာ ၃ ရက်နေ့က ရွှေဘိုမြို့ဘက်က စစ်ကောင်စီစခန်း ၂ ခုကို စခန်းသိမ်းတိုက်ပွဲဖြစ်ကြတော့ ကျနော်တို့ အရာတော်မြို့ကနေ စစ်ကားအကြီး ၃ စီးနဲ့ ရွှေဘိုမြို့ဘက်ကို စစ်ကူသွားတာ မြင်လိုက်တယ်။ အဲလိုစစ်ကူသွားတော့ မြို့ပေါ်မှာ နောက်ချန် စစ်အင်အားမရှိလို့ ပိတ်ဆို့တာလို့ပဲ ကျနော်တို့ဘက်က ယူဆတယ်” လို့ ပြောပါတယ်။
အရာတော်မြို့နယ်အတွင်းက စစ်ကောင်စီအထိုင်ချရာ ပျူစခန်းတွေနဲ့ မြို့ပေါ်က စစ်ကောင်စီအထိုင်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အကြိမ်ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အကျဆုံးအများကြီးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။