ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီအရာရှိတွေနဲ့ ရဲဘော်တွေ တိုက်ပွဲမှာ သေဆုံးတာ၊ ဖမ်းခံရတာတွေ များနေလို့ စစ်တပ်မိသားစုတွေဟာ သီပေါမြို့နယ်၊ တုံစင့်ဘိုးဘိုးကြီး နတ်နန်းမှာ ပွဲထိုး ဆုတောင်း ယတြာချေနေတယ်လို့ သိရပါတယ်။
တုံစင့်ဘိုးဘိုးကြီး နတ်နန်းဟာ သီပေါမြို့ မြောက်ဘက်၊ နမ္မတူ-နမ့်ဆန်သွား ကားလမ်းဘယ်ဘက်က တုံစင့်ကျေးရွာမှာ ရှိပါတယ်။
တုံစင့်ရွာသားတယောက်က “ရွာတွေထဲကို ကားတွေနဲ့ ရောက်လာကြတာ။ စစ်တွေ ဖြစ်နေပါတယ်ဆို ဘယ်သူတွေလဲဆိုပြီး ရွာထဲ စပ်စုကြည့်မှ စစ်သားမိသားစု၊ မိန်းမတွေက စစ်သားတွေ ဘေးကင်းဖို့ ဘိုးဘိုးကြီးဆီ ကန်တော့ပွဲလာတင်တာလို့ ပြောကြတာပဲ။ ပွဲလည်းထိုးပြီးတော့ ကားတွေနဲ့ နေ့တွင်းချင်းပြန်သွားကြတာ” လို့ ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့မှာ ကျောက်မဲမြို့ ခမရ ၅၀၂ နဲ့ ဗိုလ်ကြီးနိုင်ဖြိုးလင်း အတွက်၊ အောက်တိုဘာ ၃၁ ရက်နေ့မှာ ခမရ ၅၀၃ နဲ့ ကွတ်ခိုင် ၄၅ တပ်ရင်းအတွက် အသက်အန္တရာယ်ဘေးကင်းရေးဆိုပြီး တပ်မိသားစုနဲ့ တပ်အသိုင်းအဝိုင်းက လာရောက် ပွဲထိုးထားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ပြီး ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက စခန်း ၁၀၀ နီးပါး သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ သေဆုံးကြောင်းနဲ့ စစ်သုံ့ပန်းတွေကိုလည်း ဖမ်းဆီးရရှိတဲ့အပြင် လက်နက်ခဲယမ်းတွေနဲ့ သံချပ်ကာနဲ့တင့်ကား ၆ စီးကိုပါ သိမ်းဆည်းမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ဆင်ရေး ၇ ရက် ကာလအတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာနဲ့ ဖမ်းဆီးခံရတာတွေ များပြားလာခဲ့တဲ့အတွက် အခုလို ဘိုးဘိုးကြီးနတ်နန်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အသက်အန္တရာယ် ဘေးကင်းရှင်းစေရေး ပွဲထိုးဆုတောင်း ယတြာချေတာကို စစ်တပ်အသိုင်းအဝိုင်းက လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
ကုန်းဘောင်ခေတ် သီပေါစော်ဘွား ၉ ဆက်မြောက်ရဲ့ ညီဖြစ်သူ ပေါပန်ဟာ တုံစင့်ဘိုးဘိုးကြီးအဖြစ် ဒေသကို စောင့်ရှောက်နေတယ်လို့ နတ်နန်းမှာ ရှိတဲ့ တုံစင့်ကျောက်စာမှာ ရေးသားဖော်ပြထားပါတယ်။