ဆားဘီးယားရဲတပ်ဖွဲ့ဟာ ဘော်လ်ကန်နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ စီးနင်းမှု အများအပြား လုပ်ဆောင်ခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ၇၃၈ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က လူမှောင်ခိုသမားတွေ အသုံးပြုတဲ့ အီးယူလမ်းကြောင်းတခုဖြစ်တဲ့ ဆားဘီးယားနဲ့ ဟန်ဂေရီနယ်စပ်အနီး ပစ်ခတ်မှုအတွင်း ရွှေ့ပြောင်းနေထိုင်သူ ၃ ဦး သေဆုံးခဲ့ ပြီးနောက်မှာ စတင်ခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဟာ မြောက်ဘက်ရှိ ဟန်ဂေရီနယ်စပ်အနီးက ဆူးဘော်တိဆာမြို့၊ အရှေ့တောင်ဘက်ရှိ ပီးရော့ထ်မြို့အနီးရှိ ဆွမ်းဘော့မြို့နဲ့ ဘူလ်ဂေးရီးယားနယ်စပ်အနီးရှိ ကီကင်းဒါးမြို့ စတဲ့မြို့တွေရဲ့ မြူနီစပယ် ဧရိယာတွေမှာ ရွှေ့ပြောင်းဒုက္ခသည်တွေကို စုစည်းထားကြောင်း နိုဝင်ဘာ ၂ ရက် နှောင်းပိုင်းမှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
သူတို့ဟာ ကားပေါင်း ၅၀၀၀ ကျော်နဲ့ နေအိမ် ၃၂ လုံးကို ရှာဖွေခဲ့ပြီး ပတ်စပို့နဲ့ တခြားကိုယ်ရေး ကိုယ်တာ စာရွက်စာတမ်းတွေကို ဖော်ထုတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အခုချိန်အထိ သူတို့ဟာ ရာနဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို စုစည်းထားပြီး ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထားကြောင်းလည်း ဆိုပါတယ်။
ရွှေ့ပြောင်းအခြေချသူတွေဟာ ဘယ်ကနေ လာတယ်ဆိုတာ မပြောထားပေမဲ့ အီးယူထဲကို ဘော်လ်ကန် လမ်းကြောင်းကို အသုံးပြု လာကြသူ အများစုဟာ အရှေ့အလယ်ပိုင်း၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ မြောက်အာဖရိကတို့မှ လာတာဖြစ်ပါတယ်။
အဲဒီလမ်းကြောင်းဟာ တူရကီ၊ ဘူလ်ဂေးရီးယား၊ မြောက်မက်ဆီဒိုးနီးယားနဲ့ ဆားဘီးယား တို့မှတဆင့် သွားရောက်ကြတာလည်း ဖြစ်ပါတယ်။
Source/Photo-Reuters