အနည်းဆုံးအခကြေးငွေကို ပြင်ဆင်လိုက်ခြင်းမဟုတ်သလို အလုပ်သမားတွေရဲ့ အချိန်ပိုကြေးကို မူလအတိုင်း ၄၈၀၀ ကျပ်ပေါ်မှာသာ အခြေခံတွက်ရမယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ပြောပါတယ်။
အနည်းဆုံးအခကြေးငွေနှုန်းထားနဲ့ပတ်သက်လို့ စစ်ကောင်စီဝါဒဖြန့် ရုပ်သံ MRTV သတင်းဌာနကို ဦးညွန့်ဝင်းက ဖြေဆိုရာမှာ အလုပ်သမားတွေကို ထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိုးပေးတာဟာ အနည်းဆုံး အခကြေးငွေပြင်ဆင်တာမဟုတ်ဘူးဆိုပြီး ထည့်သွင်းပြောကြားသွားခဲ့တာပါ။
နိူင်ငံဝန်ထမ်းတွေနည်းတူ ပုဂ္ဂလိက အလုပ်သမားတွေကိုပါ ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ရရှိအောင် သတ်မှတ်တာသာဖြစ်လို့ အချိန်ပိုတွက်ချက်ရာမှာ ထောက်ပံ့ကြေးက အကျုံးဝင်မှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။
"အနည်းဆုံးအခကြေးငွေ ပြင်ဆင်တာမဟုတ်ပါဘူး။ အနည်းဆုံးအခကြေးငွေက ၄၈၀၀ ကျပ်ပါပဲ။ အဲဒါကြောင့် အချိန်ပိုကြေးကို ၄၈၀၀ ကျပ်အပေါ်ပဲ တွက်ရပါမယ်။"
အနည်းဆုံးအခကြေးငွေကို ပြင်ဆင်တာဆိုရင် တရက်လုပ်ခ ၅၈၀၀ ကျပ်နဲ့ အချိန်ပိုကြေး တွက်ချက်ရမှာဖြစ်ပြီး အဲဒီလိုဆိုရင် အလုပ်ရှင်တွေဝန် ထုပ်ဝန်ပိုးဖြစ်သွားနိုင်တယ်ဆိုပြီးတော့လည်း သူက အလုပ်ရှင်တွေဘက်က ရပ်တည်ပြောကြားခဲ့ပါသေးတယ်။
စစ်ကောင်စီရဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက တနာရီလုပ်ခ ၆၀၀ ကျပ်နဲ့ တရက် (၈နာရီ) ၄၈၀၀ ကျပ်သတ်မှတ်ခဲ့မှုအပေါ် အောက်တိုဘာ ၁ ရက်ကစပြီး ထောက်ပံ့ကြေး တရက် ၁၀၀၀ ကျပ် ထပ်မံခံစားခွင့်ပြုရန်ဖြစ်လို့ အနည်းဆုံးအခကြေးငွေ ၅၈၀၀ ကျပ်ဖြစ်တယ်ဆိုပြီး အောက်တိုဘာ ၉ ရက်မှာ အမိန့်ကြေညာစာထုတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအမိန့်ကြေညာစာကိုလည်း အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ခြင်း ဆိုပြီး သုံးနှုန်းထားပေမယ့် အမြဲတမ်းအတွင်းဝန်က ပြင်ဆင်တာမဟုတ်ဘူးဆိုကာ ငြင်းဆိုနေတာလည်းဖြစ်ပါတယ်။
အဲဒီလို အနည်းဆုံး အခကြေးငွေနဲ့ပတ်သက်လို့ လိုရာဆွဲပြောဆိုနေတာဟာ အလုပ်သမားတွေအပေါ်ရိုးသားမှုမရှိတဲ့ လုပ်ရပ်သာဖြစ်တယ်ဆိုပြီး အလုပ်သမားအဖွဲ့တွေက ဝေဖန်ပါတယ်။
ပြည်တွင်းအလုပ်သမားအရေး တက်ကြွလူပ်ရှားသူတဦးက "အလုပ်သမားတွေဘက်ကို လုံးဝမကြည့်ဘဲ၊ အလုပ်ရှင်တွေအကြိုက် လုပ်တဲ့လုပ်ရပ်လို့ မြင်တယ်။ ထောက်ပံ့ကြေးဆို ထောက်ပံ့ကြေးဆိုပြီး ရှင်းရှင်းလင်းလင်းမပြောဘဲ အနည်းဆုံး အခကြေးငွေလို့ပြောပြီးကာမှ အချိန်ပိုကြေးကြတော့ ပြန်နှိမ်တာအဓိပ္ပာယ်မရှိဘူး" လို့ ပြောပါတယ်။
အချိန်ပိုကြေးကို ၄၈၀၀ ကျပ်အပေါ် အခြေခံတွက်ရင် တနာရီ ၁၂၀၀ ကျပ်ရရှိမှာဖြစ်ပြီး ၅၈၀၀ ကျပ်နဲ့ တွက်ပါက ၁၅၀၀ ကျပ်နီးပါးရရှိမယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
အခုလို အချိန်ပိုကြေးကို ၄၈၀၀ ကျပ်နဲ့ပဲ တွက်ခိုင်းတာကြောင့် အလုပ်သမားတွေအတွက် တနာရီလုပ်ခ ၃၀၀ ကျပ်လောက် နစ်နာကြရမယ်လို့ ဆိုပါတယ်။
ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်စက်ရုံလုပ်သားတဦးက "စက်ရုံဘက်ကလည်း ရှင်းရှင်းလင်းလင်းမသိရဘူး။ လစာထုတ်မှ ဘယ်လိုတွက်ပေးမလဲ သေချာသိရမှာ။ အ လုပ်သမားတွေကတော့ ၅၈၀၀ နဲ့ တွက်ပေးမယ်လို့ မျှော်လင့်ထားကြတာ" လို့ ပြောပါတယ်။
အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီရဲ့ အောက်တိုဘာ ၅ ရက်က ထုတ်တဲ့အမိန့်စာမှာ ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ခံစားခွင့်ကို လက်ခစားစက်ရုံလုပ်ငန်း (CMP) တွေသာ အကျုံးဝင်ပေမယ့် အောက်တိုဘာ ၉ ရက်မှာတော့ လုပ်သား ၁၀ ဦးအထက် လုပ်ငန်းတွေဆိုပြီး ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။