နယ်သာလန်နိုင်ငံ ဿဟေ့ဂ်မြို့မှာ ဆန္ဒပြသူတွေဟာ နိုဝင်ဘာ ၃ ရက်က ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး (အိုင်စီဂျေ) အပြင်ဖက်မှာ ဒါဇင်ပေါင်းများစွာသော ကလေးတွန်းလှည်း အလွတ်တွေကို လာရောက် တပ်ဆင်ထားရှိကြပြီး ဟားမတ်စ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အစ္စရေး ဓားစာခံတွေ၊ အထူးသဖြင့် ကလေးသူငယ်တွေရဲ့ အတိဒုက္ခ ရောက်နေရတာနဲ့ ဓားစာခံ ကလေးငယ်လေးတွေ လွတ်မြောက်ရေးကို တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ဟီဘရူး ဘာသာစကားနဲ့ သီဆိုနေကြတာ ဖြစ်ပြီး တချို့ကလည်း မျက်ရည်တွေကျပြီး ပွေ့ဖက်အားပေးနေကြတာပါ။
သူတို့ဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးအထိမ်းအမှတ် အဆောက်အအုံဖြစ်တဲ့ ငြိမ်းချမ်းရေးနန်းတော်ရှေ့မှာ အခုရောက်ရှိနေတာ ဖြစ်ပြီး အစ္စရေးနဲ့ အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေး ရစေချင်တယ်လို့ အစ္စရေးမှာ မွေးဖွား၊ကြီးပြင်းခဲ့တဲ့ အသက် ၅၈ နှစ်အရွယ် နယ်သာလန်နိုင်ငံသား ဆန္ဒပြသူ ဗီရဒ် ရာ့ဇ် က ပြောပါတယ်။
“ဒါဟာ ဆန္ဒပြနေတာ မဟုတ်ဘူး။ ဒီကလေးတွေကို သူတို့အိမ်တွေဆီ ပြန်ရောက်ဖို့၊ သူတို့မိသားစုတွေဆီ ပြန်ပို့ပေးဖို့ ကမ္ဘာကြီးကို အရေးတကြီး တောင်းဆိုနေတာပါ” လို့ ဗီရဒ် ရာ့ဇ် က ပြောပါတယ်။
ဟားမတ်စ်က အစ္စရေးအရပ်သားတွေကို ဓားစာခံ ဖမ်းဆီးထားသလို ပါလက်စတိုင်း အရပ်သားတွေ ကိုလည်း ဓားစာခံအဖြစ် ဖမ်းထားတယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် ဟားမတ်စ်တွေ အဲဒီကနေ သွားသင့်ပြီး ဟားမတ်စ်တွေမရှိတဲ့ ရာမှာ လူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ် ရှိလာမယ်လို့ ထင်ကြောင်းလည်း ပြောဆိုပါတယ်။
လွတ်လပ်တဲ့ကမ္ဘာက ပါလက်စတိုင်းကို လက်နက်တွေ မပံ့ပိုးဘဲ အဲဒီဒေသမှာရှိတဲ့ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ တက္ကသိုလ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးပေးဖို့ မျှော်လင့်ကြောင်းလည်း သူက ဆိုပါတယ်။
လက်ရှိပဋိပက္ခမှာ ၂ ဖက်စလုံး အသေအပျောက်စာရင်း ၁ သောင်းကျော် ရှိသွားပြီဖြစ်ကြောင်း မီဒီယာသတင်းတွေ ထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters