အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေလျှောက်ထားတဲ့ ပထမနှစ် ဝင်ခွင့်ရသူတွေရဲ့စာရင်းကို အခုလာမယ့် ၇ ရက်နေ့မှာ ကြေညာမယ်လို့ စစ်ကောင်စီဩဇာခံ ပညာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
ပထမနှစ် တက္ကသိုလ် နေ့သင်တန်းတွေရဲ့ဝင်ခွင့်ရသူစာရင်းကို သက်ဆိုင်ရာတက္ကသိုလ်နဲ့ ဒီဂရီကောလိပ်အသီးသီးမှာ ကြေညာထားမှာဖြစ်ပြီး ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ် www.moe.gov.mm နဲ့ အဆင့်မြင့်ပညာဦးစီးဌာန ဝက်ဘ်ဆိုဒ် www.dhe.gov.mm တို့မှာလည်း ကြေညာပေးထားမယ်လို့ သိရပါတယ်။
စစ်ကောင်စီပညာရေးဝန်ကြီးဌာနအောက် တက္ကသိုလ်အားလုံးရဲ့ ပထမနှစ်ကနေ မဟာတန်းအထိ နေ့သင်တန်းတွေကိုတော့ နိုဝင်ဘာ ၂၃ ရက် မှာ ဖွင့်လှစ်မှာဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှာ ကျောင်းအပ်လက်ခံတာတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်တွေကို လျှောက်ထားသူတိုင်း ဝင်ခွင့်ရထားကြပြီး ဘာသာပြောင်း၊ တက္ကသိုလ်ပြောင်း လျှောက်ထားလိုသူတွေ အတွက်ကတော့ တက္ကသိုလ်တွေ ဖွင့်လှစ်ပြီးမှ ထပ်ကြေညာမယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနက သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့တဲ့တက္ကသိုလ်တွေမှာ နေ့သင်တန်း တက်ရောက်သူ အရေအတွက် လျော့ကျသွားခဲ့ပြီး အဝေးသင် တက်ရောက်သူ ပိုများလာတယ်လို့လည်း အဆင့်မြင့်ပညာဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
အာဏာသိမ်းတာကို လက်မခံတဲ့ ကျောင်းသားကျောင်းတွေသူတွေကတော့ CDM လှုပ်ရှားမှုမှာ ဒီနေ့အထိ ပါဝင်နေဆဲ ဖြစ်ပါတယ်။