စစ်ရေးအရှိန်မြင့်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ဘက်က လေကြောင်းကနေ တိုက်ခိုက်တာနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တာတွေကြောင့် အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၃ ရက်နေ့အထိ ၈ ရက်အတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် အရပ်သား ၁၈ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်တဲ့ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နဲ့ ရခိုင်(ULA/AA) တို့ ပူးတွဲပြီး “၁၀၂၇ စစ်ဆင်ရေး” ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ဖော်ဆောင်ခဲ့ပါတယ်။
အဲဒီ စစ်ဆင်ရေးကနေ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအရ အရေးပါတဲ့ ချင်းရွှေဟော်မြို့ အပါအဝင် အနည်းဆုံး မြို့ ၄ မြို့နဲ့ စစ်ကောင်စီတပ်စခန်း ၉၀ ကျော်ကို သိမ်းပိုက် ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ သူတို့အားကိုးတဲ့ လေကြောင်းကနေ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပြည်သူတွေရှိရာကို ပစ်ခတ်နေပါတယ်။
အဲဒါကြောင့် အရပ်သား ၁၈ ယောက်သေဆုံးခဲ့ပြီး ထိခိုက်သူဒဏ်ရာရရှိသူ ၄၄ ယောက် ရှိပြီလို့ NUG က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေကြောင့် လားရှိုးမြို့နယ်မှာ စစ်ရှောင်ပြည်သူ ၆,၇၁၆ ယောက်၊ သိန္နီမြို့နယ်မှာ ၉,၀၂၃ ယောက်၊ ကျောက်မဲမြို့နယ်မှာ အယောက် ၄၄၀၊ ကွတ်ခိုင်မှာ အယောက် ၁,၁၀၀၊ လောက်ကိုင်မှာ အယောက် ၁,၀၀၀၊ မူဆယ်မှာ အယောက် ၆၀၊ ‘ဝ’ ပြည်မှာ အယောက် ၅,၀၀၀ နဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာတော့ စစ်ဘေးရှောင်ပြည်သူ ၉,၁၀၆ ယောက် ရှိတယ်လို့ ဆိုပါတယ်။
မနေ့ကအထိ စစ်ရှောင်ပြည်သူဦးရေဟာ ၃၂,၄၄၅ ယောက်လောက် ရှိနေပြီး တိုက်ပွဲတွေလည်း ဆက်လက်ပြင်းထန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကောင်စီအတွက် ကြီးကြီးမားမား အထိနာစေသလို နွေဦးတော်လှန်ရေးအတွက် အရေးကြီးတဲ့အရွေ့ဖြစ်ပြီး တန်ပြန်ထိုးစစ် အစပြုပြီလို့လည်း တော်လှန်ရေးအင်အားစုတွေနဲ့ လေ့လာသူတွေက သုံးသပ် ပြောဆိုထားကြပါတယ်။