ထိုင်းနိုင်ငံ၊ လှချပူလီခရိုင်မှာ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်နဲ့ သွားရောက်လုပ်ကိုင်ခဲ့တဲ့သူတွေအပါအဝင် မြန်မာအလုပ်သမား ၁၃၅ ဦး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာကြောင့် AAC မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံခဲ့တယ်လို့ ကာယကံရှင်အလုပ်သမားတွေက ပြောပါတယ်။
အထည်ချုပ်စက်ရုံသူဌေးက အောက်တိုဘာလ ၂၄ ရက်နေ့မှာ မြန်မာအလုပ်သမားတွေကို ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် အလုပ်ကနေ ရပ်နားလိုက်တယ်လို့ ကာယကံရှင်အလုပ်သမားတွေက ပြောပါတယ်။
“ကျမတို့ အလုပ်ဆင်းတဲ့နေ့မှာ စက်ရုံက ပိတ်လိုက်ပြီ လို့ပြောတယ်။ ကျမတို့ကို ဘာမှ ကြိုတင်အ သိပေးထားတာမျိုးလည်းမရှိဘူး။ အခုလိုမျိုး အလုပ်ကနေ ရုတ်တရက်ရပ်နားလိုက်တဲ့အတွက် စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်”လို့ ကာယကံရှင်အလုပ်သမားတစ်ဦးက ပြောပါတယ်။
AAC မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “အလုပ်ရှင်က အော်ဒါတွေနည်းပြီး ရေရှည်ရပ်တည်လို့ အဆင်မပြေတာကြောင့် အလုပ်သမားတွေကို အလုပ်မှ ရုတ်တရက်ရပ်နားလိုက်တာပါ။ ထိုင်းအလုပ်သမားဥပဒေအရ အလုပ်မှ ရပ်နားပါက အလုပ်သမားတစ်ဦးချင်း အလုပ်သက်တမ်းအလိုက် အလုပ်လက်မဲ့ နစ်နာကြေးကို ခံစားပိုင်ခွင့်ရှိတယ်။ ဒါကြောင့် နစ်နာသွားတဲ့ အလုပ်သမားတွေကို ရသင့်ရထိုက်တဲ့ အလုပ်လက်မဲ့နစ်နာကြေးတွေကို ပြန်လည်ရရှိဖို့အတွက် အလုပ်သမားတရားရုံးမှာ ကျနော်တို့အဖွဲ့ကနေပြီး နိုဝင်ဘာလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ ကူညီဆောင်ရွက်ပေးဖို့ရှိပါတယ်”လို့ ပြောပါတယ်။
အဆိုပါ အလုပ်ရပ်နားခံရတဲ့ မြန်မာအလုပ်သမားတွေထဲမှာ MOUစနစ်နဲ့ လာရောက်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမား ၁၂၀ ဦးနဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၅ ဦးပါဝင်ပါတယ်။