အိန္ဒိယနိုင်ငံ နယူးဒေလီမှာ လေထုညစ်ညမ်းမှု ပြင်းထန်လာပြီး အဆိပ်အတောက် အမှုန်အမွှားတွေ ထူထပ်နေတာကြောင့် နိုဝင်ဘာ ၃ ရက်မှာ တချို့စာသင်ကျောင်းတွေကို ၂ ရက် ပိတ်ခိုင်းထားရပါတယ်။
ကျောင်းဆရာ ဂျိုးဆက်ဖင်း ဂျော့ချ်က “လေထုညစ်ညမ်းမှု ပြင်းထန်တာကြောင့် ကျောင်းကို ပိတ်ထားရပေမဲ့ အွန်လိုင်းကနေ သင်ခန်းစာတွေ ပို့ချပေးနေပါတယ်” လို့ ပြောပါတယ်။
လေထုအရည်အသွေးညွှန်းကိန်း (AQI) က ၄၈၀ အထိ ရောက်ရှိနေတာကြောင့် လေထုညစ်ညမ်းမှု ပြင်းထန်တဲ့အဆင့် ဖြစ်နေပြီး အိန္ဒိယမြို့တော်ရဲ့ နေရာအတော်များများမှာ မှိုင်းမှုန်နေတာပါ။
AQI သုညကနေ ၅၀ အထိက ကောင်းမွန်တဲ့အဆင့်ဖြစ်ပြီး ၄၀၀ မှ ၅၀၀ ကြားဟာ ကျန်းမာတဲ့လူတွေကို ထိခိုက်စေပြီး ရောဂါအခံရှိသူတွေအတွက် အန္တရာယ်များပါတယ်။
ဆောက်လုပ်ရေး အမှုန်အမွှားတွေ၊ မော်တော်ယာဥ်တွေကနေ ထုတ်လွှတ်မှုနဲ့ အိမ်နီးချင်း ပြည်နယ်တွေမှာ စိုက်ခင်းမီးရှို့ရာက ထွက်လာတဲ့ မီးခိုးငွေ့တွေကနေ အေးပြီး လေးလံတဲ့ လေထုကြောင့် ဆောင်းရာသီတိုင်း ဒေလီမှာ မီးခိုးမြူတွေ ဖြစ်ပေါ်နေကျပါ။ မြို့တော်ရဲ့ လူဦးရေသန်း ၂၀ မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ပိုဖြစ်ပွားကြရပါတယ်။
“လေထုအရည်အသွေး အညွှန်းကိန်း ၄၀၀ ကျော်တဲ့လေကို ရှူရှိုက်မိရင် အသက်ရှူလမ်းကြောင်းထဲမှာပဲ ရပ်မနေဘဲ သွေးတွေဆီရောက်သွားပြီး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကို ထိခိုက်စေပါတယ်” လို့ BLK-MAX စူပါအထူးဆေးရုံ ရင်ဘတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဌာနမှ အဓိက ညွှန်မှူး ဆန်ဒိ(ပ်) နာယာက ပြောပါတယ်။
ဆွစ်ဇာလန်အဖွဲ့ IQAir က စုစည်းထားတဲ့ ကမ္ဘာ့လေထုညစ်ညမ်းမှုအရှိဆုံး မြို့တွေစာရင်းထဲကို နယူးဒေလီဟာ လေထုအရည်အသွေးညွှန်းကိန်း (AQI) ၆၁၁ နဲ့ သောကြာနေ့မှာ အချိန်နဲ့တပြေးညီ စာရင်းထဲဝင်ခဲ့ပါတယ်။
Source/Photo-Reuters