ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးတွေကြောင့် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ ပိတ်သိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောက်ပိုင်း ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ MNDAA ကိုးကန့်၊ TNLA တအာင်း၊ AA ရခိုင်တပ်တို့ဟာ ၁၀၂၇ စစ်ဆင်ရေးကို ကြေညာပြီး အောက်တိုဘာ ၂၇ ရက်က စတင်ကာ PDF တပ်တွေနဲ့ ပူးပေါင်းပြီး ရှမ်းမြောက်ဒေသက အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်စခန်းတွေနဲ့ မြို့ပြတွေကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။
အဲ့ဒီရဲ့ နောက်ဆက်တွဲအနေနဲ့ ရှမ်းမြောက်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့က ရဲစခန်း အပါအဝင် ဌာနဆိုင်ရာရုံးတွေ ပိတ်သိမ်းသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်မဲမြို့နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေပြီး မြို့အနီးတဝိုက်မှာလည်း မဟာမိတ်တပ်နဲ့ ပူးပေါင်း PDF တွေ ရောက်ရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
လက်ရှိမှာ မြို့ကို သိမ်းတဲ့အထိတော့ စစ်ဆင်းရေးဖော်ဆောင်တာ မရှိသေးပေမဲ့ အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အကြီးအကဲတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အချုပ်သားတွေကို စစ်တပ်က သူ့ရဲ့ တပ်ရင်းတွေဆီ ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကတော့ ၁၀၂၇ စစ်ဆင်ရေးကာလ ၇ ရက်အတွင်း စစ်ကောင်စီရဲ့ စခန်းကြီးငယ် ၉၄ ခုနဲ့ မြို့ ၄ မြို့ကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေးအရာရှိကတော့ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)နဲ့ ဖောင်းဆိုင်မြို့တွေကို လက်လွှတ်လိုက်ရပြီလို့ နိုဝင်ဘာ ၁ ရက်က ပြောပါတယ်။