ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် တွံတေးတူးမြောင်းအတွင်း ကင်းလှည့်နေတဲ့ ရေကြောင်းရဲတပ်ဖွဲ့ နိုဝင်ဘာ ၃ ရက် ဒီနေ့မနက် ၄ နာရီက ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲအုပ်တဦးနဲ့ တပ်ကြပ်ကြီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ တိုင်းအစိုးရနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၄ နာရီက တွံတေးတူးမြောင်းအတွင်းမှာ လှည့်ကင်းလှည့်နေတဲ့ ရေကြောင်းရဲတပ်ဖွဲ့ရဲ့ ရေယာဥ်ကို ရေမိုင် ၁၆ မိုင်အရောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖိုက်ဘာစက်လှေနဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တိုင်းအစိုးရနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဗုံးတွေနဲ့ပစ်တယ်၊ သေနတ်တွေနဲ့ပစ်တယ်၊ ကျည်ဆန်က သင်္ဘောကိုယ်ထည်ကို ပေါက်ထွက်ပြီး ရဲအုပ်ရဲ့ပေါင်ကို ထိတယ်၊ တပ်ကြပ်ကြီးတဦးရဲ့ ဗိုက်ကိုထိတယ်။ ဘယ်အဖွဲ့က လာပစ်တယ်ဆိုတာတော့ စုံစမ်းနေတုန်း။”
ထိခိုက်ဒဏ်ရာရရှိတဲ့ ရေကြောင်းရဲတပ်ဖွဲ့မှ ရဲအုပ်နဲ့ တပ်ကြပ်ကြီးကို စစ်ကောင်စီတပ်က စစ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး လုံခြုံရေးအင်အား တိုးမြှင့်ကာ တွံတေးတူးမြောင်းအတွင်း လိုက်လံရှာဖွေနေတယ်လို့ ရေကြောင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရုရှားရေတပ်က နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်ဖို့ လာတဲ့အချိန် ဖြစ်နေတော့ ပိုဆိုးသွားတာပေါ့။ အခု ကမ်းခြေစောင့်တပ်ရော စစ်တပ်ရော အင်အားတိုးမြှင့်ထားတယ်။”
အဆိုပါတိုက်ခိုက်မှုကို တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဥ်ကြောင့် မနေ့ညနေကမှ မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ဖို့ သီလဝါဆိပ်ကမ်းကို ရောက်လာတဲ့ ရုရှားရေတပ်မှ အရာရှိ စစ်သည် ၈၀၀ ခန့်အတွက် လုံခြုံရေးကို တိုးမြှင့်ချထားရတယ်လို့ တိုင်းအစိုးရအဖွဲ့မှ သိရပါတယ်။