အမေရိကန်ပြည်ထောင်စုဟာ နှစ်နိုင်ငံသား ခံယူထားသူ ၇၄ ယောက်ကို ဂါဇာကနေ ခေါ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က အိမ်ဖြူတော်မှာ နိုဝင်ဘာ ၂ ရက်က ပြောကြားပါတယ်။
နိုင်ငံခြားသားတွေနဲ့ နှစ်နိုင်ငံသား ခံယူထားတဲ့ ပါလက်စတိုင်းတွေ နိုဝင်ဘာ ၂ ရက်က ရာဖာနယ်စပ်ကို ဖြတ်ကျော်ပြီးတော့ ဂါဇာကနေထွက်လာပြီး အီဂျစ်နိုင်ငံထဲကို ရောက်ရှိပြီး နောက်တရက်မှာ ပြောလိုက်တာပါ။
အစ္စရေး၊ အီဂျစ်နဲ့ ဟားမတ်စ်တို့ကြား သဘောတူညီချက်အရ ကနဦး လူ ၅၀၀ စာရင်းထဲမှ သြစတြေးလျ၊ သြစတြီးယား၊ ဘူလ်ဂေးရီးယား၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ ဂျော်ဒန်၊ ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်တို့က နိုင်ငံခြားသားတွေအပြင် ဒါဇင်ပေါင်းများစွာသော ဒဏ်ရာအပြင်းအထန်ရရှိသူ ဂါဇာဒေသခံတွေ အပါအဝင် လူပေါင်း ၃၂၀ ထက်မနည်း အီဂျစ်နိုင်ငံထဲကို ဝင်ရောက်ခဲ့ကြပါတယ်။
ရာဖာနယ်စပ်ဂိတ်ကို ကြာသပတေးနေ့က ပြန်လည်ဖွင့်လှစ်လိုက်တာဟာ ဂါဇာကမ်းမြောင်ကနေ ထွက်ခွာသွားလိုတဲ့ နိုင်ငံခြားသား ခပ်များများ ထွက်ခွာသွားလို့ ရအောင် ကူညီပေးဖို့ ရည်ရွယ်တာပါ။
သံတမန် သတင်းရင်းမြစ်တခုအရ ၂ ပတ်တာကာလအတွင်း နိုင်ငံခြားသားပတ်စ်ပို့ ကိုင်ဆောင်ထားသူ ၇,၅၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးမှာဖြစ်ကြောင်း ဂါဇာကမ်းမြောင် တာဝန်ရှိသူတွေက ကြေညာထားပါတယ်။
Source/Photo-Reuters