ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဂျပန်တံတားပေါ်မှာ YBS ကား နံပါတ် ၉ နဲ့ FC Express မှ ပစ္စည်းပို့ဆောင်သူ မောင်းနှင်လာတဲ့စက်ဘီး တိုက်မှုဖြစ်ပွားခဲ့ရာ စက်ဘီးသမား ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ရှင်သန်ရေးကူညီမှုအသင်းကနေ သိရပါတယ်။
နိုဝင်ဘာ ၂ ရက် ညနေ ၄ နာရီခွဲက အဆိုပါယာဉ်တိုက်မှုကြောင့် FC Express မှ စက်ဘီးနဲ့ ပစ္စည်းပို့ဆောင်တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားဟာ နေရာမှာပဲ သေဆုံးခဲ့ပြီး YBS ယာဉ်မောင်း ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ရှင်သန်ရေးကူညီမှုအသင်းမှာ လုပ်ကိုင်နေတဲ့ အမျိုးသားတဦးက “ဘယ်လိုဖြစ်ပြီး တိုက်မိလဲတော့ သေချာမသိရသေးဘူး။ စက်ဘီးကတော့ ကားနောက်ရောက်နေတယ်။ မိုးတွေရွာနေတဲ့အချိန်မှာ ဖြစ်သွားတာ၊ အရှိန်ပြင်းလို့ လူသေတဲ့ထိ ဖြစ်သွားတာ၊ ပုဇွန်တောင်ဘက်ကိုကွေ့တဲ့ ဘောင်ကိုတော့ ကားတိုက်ထားတာတွေ့တယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုမှာ ပစ္စည်းပို့ဆောင်တဲ့ ဒယ်လီအမျိုးသား သေဆုံးသွားခဲ့ပေမဲ့ ကားပေါ်မှာ ပါလာခဲ့တဲ့ ခရီးသည်တွေကတော့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး အလောင်းပိုင်ရှင် မိသားစုဝင်တွေကိုတော့ FC Express ကနေတဆင့် ဆက်သွယ်သွားမယ်လို့ သိရပါတယ်။
ရန်ကုန်မြို့တွင်း ပြေးဆွဲကြတဲ့ YBS ယာဉ်တွေရဲ့ မဆင်မခြင် မောင်းနှင်မှုတွေကြောင့် မကြာခဏ လူထိခိုက် သေဆုံးတာတွေ ဖြစ်ပေါ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။