ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အနီး ကာလိုင်ရွာမှာ အောက်တိုဘာ ၂ ရက် မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ဂျက်တိုက်လေယာဉ် ၁ စီးနဲ့ ဗုံးလာကြဲလို့ နေအိမ်အများအပြား ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ တဦးက "ကွတ်ခိုင်အနောက်ဘက်က ကာလိုင်ရွာက စျေးအရှေ့အိမ် .... ဇွပ်အောင် စစ်ရှောင်စခန်းလည်း ရှိတယ်။ အဲဒီနားက ကုန်းမှာလည်း လက်နက်ကြီးနဲ့ လာပစ်တယ်” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေ အထိအခိုက် မတွေ့ရပေမဲ့ ရွာထဲက နေအိမ်တော့ အများအပြား ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
"ဂျက်ဖိုက်တာ ၁ စီးနဲ့ တခါ ကြဲရင် ဗုံး ၂ လုံးစီနဲ့ ၂ ကျော့လာကြဲသွားတာ။ ဂျက်နဲ့ သုံးနေရာလောက် လာကြဲတယ်။ တခြား ဘယ်နေရာ ကျသေးလဲတော့ မသိဘူး။" လို့ နောက်ထပ် ဒေသခံ ကပြောပါတယ်။
MNDAA တွေ ရွာထဲ သွားလာနေတာ တွေ့ရတဲ့နောက် လေကြောင်း ဗုံးကြဲတာကြောင့် ပြည်သူတွေက ထိတ်လန့် စိုးရိမ်နေကြတယ် လို့ ဆိုပါတယ်။
လက်နက်ကိုင်တွေကို ရွာထဲ မနေကြဖို့ ဒေသခံတွေ သွားပြောတာမှာ ပြန်လည်ခြိမ်းခြောက်ပြီး နေထိုင်နေကြတာရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံ ပြည်သူတွေ အနေနဲ့ ရပ်ရွာထဲဘယ်လက်နက်ကိုင်တွေကိုမှ ဝင်မလာစေချင်သလို နေထိုင်တာမျိုးလည်း မလိုလားဘူးလို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၂ ဇွန်လ ၁၇ ရက်ကလည်း တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ ကွတ်ခိုင်စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကာလိုင်ဇွပ်အောင် စစ်ရှောင်စခန်းထဲ ကျရောက်ပေါက်ကွဲကာ မူကြိုဆရာမ ၁ ဦးနဲ့ သူ့ရဲ့ မိခင်တို့ ပွဲချင်းပြီး သေဆုံးကာ အမျိုးသား နှစ်ဦး လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။