ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုအနောက်ခြမ်းမှာ မိုးအကုန် ဆောင်းအကူး ရာသီဥတု ပြောင်းလဲလာပြီး အအေးဓာတ်ကြောင့် စစ်ရှောင်တွေ အနွေးထည်လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူထံက သိရပါတယ်။
လူကြီးဝတ်အနွေးထည် အထည် ၉၀ နဲ့ ကလေးဝတ်အနွေးထည် ၂၆၀ နီးပါးရှိတဲ့အတွက် စခန်းက အိမ်ခြေနဲ့ ကွက်တိကျလို့ လှူဒါန်းခဲ့တယ်လို့ ထွန်းမြန်မာဒိုနေးရှင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ဒီမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းတခုက အေးလာလို့ အနွေးထည်လေး ကူညီပေးပါဦး ဆိုပြီး ကော်မတီက တာဝန်ရှိသူက ဆက်သွယ်လာတော့ ကျနော့်ဆီမှာလည်း အနွေးထည်တွေရောက်တော့ လှူဖြစ်တာပါ။ နိုဝင်ဘာအလှူလေးပါ။”
တအိမ်ကို လူကြီး ၁ ထည်နှုန်းနဲ့ ကလေး ၃ ထည်နှုန်း လှူဒါန်းခဲ့ပြီး မိုးအကုန် ဆောင်းအကူးကာလဖြစ်လို့ မိုးက ရွာချင်တဲ့အချိန် ကောက်ရွာကာ ရာသီတုပ်ကွေးတွေ ဖြစ်နေတုန်းပဲလို့ သိရပါတယ်။
ကုသပေးတဲ့ ဆေးခန်းတခု ရှိပေမဲ့ စစ်ရှောင်စခန်းတိုင်းမှာ ဆေးဝါးလိုအပ်ချက်တွေလည်း ရှိနေပါတယ်။ ဖျားနာတာပျောက်ပြီး ချောင်းဆိုးကျန်ခဲ့တဲ့ တချို့စစ်ရှောင်တွေဟာ အလေ့ကျပေါက်တဲ့ ကြိတ်မှန်ရွက် သောက်ကြကာ ဒေသတွင်းကုထုံးနဲ့ ကုသနေကြရပါတယ်။