မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဂန့်ဂေါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဂန့်ဂေါ PDF က ပြောပါတယ်။
နိုဝင်ဘာ ၁ ရက်က ဂန့်ဂေါခရိုင် အမှတ် ၁ စစ်ဒေသအဖွဲ့က ကန်နယ်မြေရဲစခန်းအတွင်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဂန့်ဂေါခရိုင် အမှတ် ၁ စစ်ဒေသ အဖွဲ့ဝင်တဦးက “ ကျနော်တို့ဘက်က ဗုံးသီးချ တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်က ကျနော်တို့အဖွဲ့ကိုရော ဒရုန်းကိုရော သေနတ်နဲ့လိုက်ပစ်တာ။ တော်သေးတယ်။ ကျနော်တို့ အမြန်ပြေးခဲ့လို့။ ဒရုန်းနဲ့ဗုံးသီးချတာဆိုတော့ သူတို့ဘက်တော့ ထိခိုက်မှုရှိနိုင်တယ်။ ကျနော်တို့ပစ်ချတော့ သူတို့တွေ စခန်းအတွင်းမှာ ရုတ်ရုတ်သဲသဲ ပြေးနေတာတွေ မြင်ရတယ်။ အတိအကျတော့ မသိရဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ကန်ရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်တွေကို ဖျက်ဆီးကာ ဒေသခံတွေရဲ့ ပစ္စည်းတွေကိုလည်း ယူဆောင်နေကြတယ်လို့ ဆိုပါတယ်။
အဆိုပါ ကန်ကျေးရွာမှာ အိမ်ခြေ ၅,၀၀၀ ဝန်းကျင်ရှိပြီး တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်စွဲမှုကြောင့် ဒေသခံတချို့ကတော့ ကျေးရွာတွင်းမှာ မနေကြတော့ဘဲ ဘေးလွတ်ရာ ဒေသတွေမှာ နေထိုင်နေကြတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ အမှတ် ၁ ရဲစခန်းကို ကသာ PDF ဒရုန်းတပ်ဖွဲ့က မနက် ၆ နာရီခွဲလောက်မှာ ဗုံးသီးကြဲချခဲ့တာကြောင့် မြို့ပတ်လည်မှာ ရမ်းသန်းပစ်ခတ်သံတွေ ဆူညံကုန်တယ်လို့ သိရပါတယ်။
မျက်မြင်တွေ့သူတဦးက “ရဲစခန်းက ညောင်ပင်ပေါ် တက်ချိတ်နေတာ။ ကွဲတဲ့အလုံးလည်းကွဲ။ အပြင်စျေးတန်းက ပုရစ်သည်တွေလည်း တဝုန်းဝုန်းပြေးကြတာ” လို့ ပြောပါတယ်။
ဒရုန်းနဲ့ကြဲချတဲ့ ဗုံးသီးတွေက ရဲလိုင်းခန်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး နယ်ထိန်း ၂ ဦး အပါအဝင် မြို့နယ်မှူး ပီအေ ၁ ဦး၊ စုစုပေါင်း ရဲ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကာ ကသာပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ သိရပေမဲ့ ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။
မုန့်ဝယ်လာသူတယောက်ကလည်း ဆိုင်ရှင်ထွက်ပြေးသွားလို့ ပြန်လာတဲ့ထိ စောင့်ယူခဲ့ရတယ်လို့ ဆိုပါတယ်။
ထိမှန်ပေါက်ကွဲသံတွေ ထွက်ပေါ်လာပြီးတဲ့နောက် အမှတ် ၁ ရဲစခန်း ကသာ ခမရ ၃၀၉ တပ်ရင်းက မြို့ဝင်စစ်ဆေးရေးဂိတ်နဲ့ ပတ်ပတ်လည်ကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး လက်ရှိအချိန်မှာ ပြည်သူတွေ ပုံမှန်သွားလာနေကြပြီ ဖြစ်ပါတယ်။