Home
မြန်မာသတင်း
ဖောင်းဆိုင်ဒေသခံ ၁,၀၀၀ ကျော် စစ်ဘေးရှောင်နေရ
DVB
·
November 2, 2023
Phaung Saing war victims_02112023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ မုံးကိုးမြို့နယ်၊ ဖောင်းဆိုင်ဒေသက ပြည်သူ ၁,၀၀၀ ကျော်ဟာ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲကြောင့် တကျော့ပြန် စစ်ဘေးရှောင်နေကြရတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

စစ်ရှောင်တဦးက “ဘာမှပါမသွားဘူး၊ ညသန်းခေါင်မို့လို့။ အရင် နှစ်ရက်၊ သုံးရက်လည်း တိုက်ပွဲပဲဖြစ်နေတော့ တိုက်ပွဲပြင်းထန်နေတော့ အခု မိုးရွာတော့မှာမို့ အရမ်းစိတ်ပူနေတယ်” လို ပြောတယ်။

စစ်မြေပြင်မှာ ပိတ်မိနေတဲ့ ဖောင်းဆိုင်ဒေသခံ ၃၆၃ ဦးလည်း အောက်တိုဘာ ၃၀ ရက် ညက ထွက်လာနိုင်ခဲ့ပြီလို့ သူကပြောပါတယ်။

စစ်ရှောင်တွေကို ကြီးကြပ်နေသူက “အခု ဒီ ပန်စီတိုင်း ဆိုတာက သူတို့နဲ့၊ ကျနော်တို့ လက်လှမ်းမမီတဲ့ သူတို့ဘက် သွားရှောင်နေတဲ့ ဒေသခံတွေပါ။ သူတို့ပိုများတယ်။ လရှပ်ရွာခံတွေက ခါ့ကျန် စစ်ရှောင်ဘက်။ အခု ဒီဘက်မှာ ရှောင်နေသူတွေက မန်ပြိန်း၊ နောင်ဂျန့်၊ နောင်ဖိုင့်၊ ဖောင်းဆိုင် တအာင်း(ပလောင်)၊ တရုတ်တွေပါ” လို့ ပြောပါတယ်။

မန်ပြိန်း၊ ဖောင်းဆိုင်၊ နောင်ဂျန့်၊ နောင်ဖိုင် ရွာတွေဘက်က ဒေသခံ အိမ်ခြေ ၁၄၇ အိမ်မှ လူဦးရေ ၅၈၈ ဦးက တရုတ်နယ်စပ် နမ်ဂိုင်ပါနဲ့ ဘန်ဝါလပ်ဒျန်ဘက်မှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လရှပ်ရွာ အိမ်ခြေ ၅၁ အိမ်မှ လူဦးရေက ခါ့ကျန် စစ်ရှောင်ဘက်၊ ပန်စီတိုင်းရွာက အိမ်ခြေ ၁၄၀ မှ လူဦးရေ ၇၀၂ ဦးကတော့ ကိုးကန့်ဘက်ခြမ်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သူက ရှင်းပြပါတယ်။

ဖောင်းဆိုင်ဒေသရှိ စုစုပေါင်း အိမ်ခြေ ၂၄၆ အိမ်က ဒေသခံပြည်သူ ၁,၁၁၃ ဦး ထွက်ပြေးတိမ်းရှောင်နေကြရကာ အရေးပေါ် အစားအသောက်၊ မိုးကာ၊ အခင်း၊ ဆေးဝါးတွေ လိုအပ်နေပြီး ကူညီထောက်ပံ့မှုတွေလည်း မရရှိလို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတာ သီတင်းတပတ်ရှိလာပြီဖြစ်ပြီး လက်ရှိအချိန်မှာ ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ကြူကုတ်(ပန်ဆိုင်း) မြို့ ၃ မြို့ကို လက်လွှတ်လိုက်ရပြီလို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြု ပြောထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024