စစ်ဒဏ်ခံနေရတဲ့ ဂါဇာကမ်းမြောင်ဒေသကနေ အမေရိကန်နိုင်ငံသားတွေ အခုချိန်မှာ ထွက်ခွါနိုင်တော့မှာဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းကလည်း လာမယ့်ရက်တွေမှာ ဂါဇာကနေ နောက်ထပ် အမေရိကန်တွေကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နိုဝင်ဘာ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
သမ္မတဘိုင်ဒင်က “ဒီနေ့မှာတော့ အမေရိကန်ရဲ့ ဦးဆောင်ပေးမှုကြောင့် ဒဏ်ရာရ ပါလက်စတိုင်းတွေနဲ့ နိုင်ငံခြားသားတွေ ဂါဇာကမ်းမြောင်ကို ထွက်ခွာဖို့ ဘေးကင်းလုံခြုံတဲ့ လမ်းကြောင်းပေါ် ရောက်နေပါပြီ။ လူတထောင်ကျော်ရဲ့ ပထမအုပ်စု တစိတ်တပိုင်းအနေနဲ့ ဒီနေ့ ထွက်သွားနိုင်တာဖြစ်ပြီး ဒီလုပ်ငန်းစဉ်ကို လာမယ့်ရက်တွေမှာ ပိုပြီး မြင်တွေ့နိုင်မှာ ဖြစ်တယ်။ ဂါဇာကမ်းမြောင်က အမေရိကန်တွေကို အမြန်ဆုံး ဘေးကင်းကင်း ထွက်ခွာနိုင်ဖို့ မရပ်မနား လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။
ဒါဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန်ရဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ အင်တိုက်အားတိုက် လုပ်ခဲ့တဲ့ အမေရိကန် သံခင်းတမန်ခင်းရဲ့ ရလဒ်ပါလို့လည်း ဆိုပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၊ အီဂျစ်သမ္မတ စီစီတို့အပြင် တခြားသူတွေနဲ့လည်း ဒီလမ်းကြောင်းဖွင့်ပေးနိုင်ဖို့ သေချာအောင် အချိန်အများကြီး ပေးခဲ့ရပါတယ်။ ဒီနိုင်ငံသားတွေ ထွက်ခွာရေး အဆင်ပြေချောမွေ့စေရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေကို ကူညီပံ့ပိုးပေးခဲ့တဲ့ ဒေသတွင်းက မိတ်ဘက်တွေနဲ့ အထူးသဖြင့် ကာတာကို ကျေးဇူးတင်ပါတယ်လို့ သမ္မတဘိုင်ဒင်က ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမစ်လာကလည်း နိုဝင်ဘာ ၁ ရက်က အမေရိကန်နိုင်ငံသားတွေ အပါအဝင် ကနဦး နိုင်ငံခြားသားအုပ်စုတစုဟာ ရာဖာ နယ်စပ်ဂိတ်ကနေ ထွက်ခွာလာခဲ့ကြောင်းနဲ့ အခြေအနေက မတည်ငြိမ်သေးဘဲ ပြောင်းလွယ်ပြင်လွယ် ဖြစ်နိုင်ပေမဲ့ အခုထွက်ခွာမှုဟာ အရေးကြီးတဲ့ တိုးတက်မှုဖြစ်စဉ် တရပ်လို့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှ ထွက်ခွာလိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ အမေရိကန်နိုင်ငံသား ၄၀၀ လောက်ရှိပြီး သူတို့ရဲ့ ဆွေမျိုး မိသားစုတွေကိုပါ ထည့်တွက်ရင် လူ ၁,၀၀၀ လောက် ရှိကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
သူတို့တွေ အီဂျစ်နိုင်ငံကို ဝင်ရောက်လာပြီဆိုရင် အကူအညီပေးဖို့ ကိုင်ရိုရှိ အမေရိကန်သံရုံးက အသင့်ရှိနေတယ်လို့လည်း ဆိုပါတယ်။
အမေရိကန်နိုင်ငံသားတွေရဲ့ ထွက်ခွာမှုကို လုံခြုံစေဖို့ ဟားမတ်စ်ကို အမေရိကန်က လိုက်လျောပေးခဲ့တာ ဖြစ်နိုင်သလားလို့ မေးမြန်းရာမှာ ဘယ်သူမှမလုပ်ခဲ့ဘူးလို့ မစ်လာက ဖြေသွားပါတယ်။
ဂါဇာကနေ လူတွေကို ထွက်ခွာခွင့်မပြုခင်မှာ ဟားမတ်စ်ဟာ တောင်းဆိုမှုတွေ အများအပြား လုပ်နေတယ်လို့ မစ်လာက အောက်တိုဘာ ၃၀ ရက်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters