စစ်အာဏာသိမ်းကာလ ၃ နှစ်နီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာလုံး ဆိုင်ရာ အကြမ်းဖက်မှုအမြင့်ဆုံး ၁၀ နိုင်ငံထဲ ပါဝင်နေပြီး အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာတော့ ထိပ် ဆုံးက ရပ်တည်နေတယ်လို့ သိရပါတယ်။
သြစတြေးလျနိုင်ငံ အခြေစိုက် စီးပွားရေးနဲ့ ငြိမ်းချမ်းရေး အင်စတီကျု (IEP) အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး ဒီတွက်ချက်မှုတွေထဲမှာတော့ အချိန် ၅ နှစ်တာ တ ဆက်တည်း ကာလတွေအတွင်း အကြမ်းဖက်မှုကြောင့် သေဆုံးမှု တွေသာမကပဲ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတာတွေ၊ ထိခိုက်ဒဏ်ရာရရှိမှုတွေကိုပါ ထည့်သွင်းစဉ်းစားထားတယ်လို့ ဆိုပါတယ်။
ဒီအဆင့်သတ်မှတ်ချက်မှာတော့ ကမ္ဘာ့နိုင်ငံတွေထဲမှာ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံ ၁၅ နိုင်ငံက အကြမ်းဖက်မှု သတ်မှတ်ချက်အဆင့် ထိပ်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပြီး အာဖဂန်နစ္စတန်နိုင်ငံကတော့ ရမှတ် ၈ ဒသမ ၈၂၂ မှတ်နဲ့ ထိပ်ဆုံးက ရပ်တည်နေတာပါ။
ဒါ့အပြင် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေလည်း ထိပ်တန်းအကြမ်းဖက်မှု အမြင့်ဆုံးနိုင်ငံတွေထဲ ပါဝင်နေကြကာ မြန်မာနိုင်ငံကတော့ ရမှတ် ၇ ဒသမ ၉၇၇ မှတ်နဲ့ အရှေ့တောင်အာရှမှာ အကြမ်းဖက်မှုအဆင့် ၁ ဖြစ်နေပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာတော့ အမှတ်စဉ် ၉ နေရာမှာ ရှိနေတာပါ။
ဗီယက်နမ်ကတော့ ရမှတ် ၀ ဒသမ ၂၂၇ မှတ်နဲ့ အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတွေထဲ အကြမ်းဖက်မှု အကျိုးသက်ရောက်မှု အနိမ့်ဆုံးဖြစ်ပြီး ကမ္ဘာ့အဆင့်ကတော့ အမှတ်စဉ် ၈၉ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။
စီးပွားရေးနဲ့ ငြိမ်းချမ်းရေး အင်စတီကျု (IEP) အဖွဲ့က ထုတ်ပြန်တဲ့ ဒီစာရင်းထဲမှာတော့ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေထဲက ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူနဲ့ တီမောနိုင်ငံတွေကတော့ ရမှတ် သုညနဲ့ ဒီစာရင်းထဲ ပါဝင်မနေဘဲ အဆိုပါနိုင်ငံတွေမှာ အကြမ်းဖက်မှု ဖြစ်စဉ်တွေ ဖြစ်ပွားခြင်း မရှိဘူးလို့ ဆိုပါတယ်။