Home
မြန်မာသတင်း
မြို့ ၃ မြို့ ကျသွားပြီဟု စစ်ကောင်စီဝန်ခံ
DVB
·
November 2, 2023
3BHA_02112023

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ကြူကုတ်(ပန်ဆိုင်း) မြို့ ၃ မြို့ကို လက်လွှတ်လိုက်ရပြီလို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြု ပြောကြားလိုက်ပါတယ်။

ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ရှမ်းပြည်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်ကို ပြည်တွင်းမီဒီယာတခုက နိုဝင်ဘာ ၂ ရက်နေ့မှာ အွန်လိုင်းမှာ ပြန်လည်ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံဖိုင်မှာ ပြောထားတာပါ။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီအချိန်မှာတော့ အစိုးရရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေ လက်လွှတ်ခဲ့ရတဲ့နေရာ ရှိပါတယ်။ ဒါကတော့ ချင်းရွှေဟော်ရယ်၊ ဖောင်းဆိုင်ရယ်၊ ကြူကုတ်ရယ် ဒီသုံးခုတော့ ရှိပါတယ်” လို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ ၇ ရက်တာ ကာလအတွင်း ရှမ်းမြောက်က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ MNDAA ပြောခွင့်ရသူ လီကျားဝေကို ဒီဗွီဘီက မေးမြန်းရာမှာတော့ မြို့ ၂ မြို့သာ သိမ်းရသေးတယ်လို့ ပြောပါတယ်။

“ချင်းရွှေဟော်နဲ့ ဖောင်းဆိုင်ကို သိမ်းပိုက်ထားတာရှိတယ်။ သိန္နီကိုတော့ စကစ ၁၆ တပ်ထိုင်နေဆဲ ဖြစ်ပါတယ်။ ကြူကုတ်(ပန်ဆိုင်း)ဘက်မှာတော့ တပ်စခန်းနှစ်ခု သိမ်းမိတယ်။”

တိုက်ပွဲတွေအနေနဲ့ကတော့ အောက်တိုဘာ ၂၉ ရက်နေ့မှာ သိန္နီ၊ လားရှိုး၊ နောင်ချို၊ နမ္မတူ၊ ဟိုပန်၊ အောက်တိုဘာ ၃၀ ရက်မှာ နမ့်ခမ်း၊ မုံးကိုး၊ ကွတ်ခိုင်၊ လားရှိုး၊ နမ္မတူမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အောက်တိုဘာ ၃၁ ရက်မှာ လားရှိုးပတ်ဝန်းကျင်နဲ့ နိုဝင်ဘာ ၁ ရက်နေ့မှာတော့ ကွန်လုံဘက်မှာ အဓိကတိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် MNDAA ဘက်က ဒရုန်းတွေအများအပြား အသုံးပြု တိုက်ခိုက်နေကြောင်းနဲ့ အသုံးပြုတဲ့ဗုံးတွေမှာ တရုတ်လို “အထူးထုတ်” ဆိုပြီး ရေးထားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

ဒါဟာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အထင်အမြင်လွဲမှားအောင် လုပ်နေတာလို့လည်း ပြောသွားတာကို ရုပ်သံဖိုင်မှာ မြင်တွေ့ရပါတယ်။

ဒါ့အပြင် အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို တရုတ်ပြည်က ရာဇဝတ်မှု ကျူးလွန်ထားတဲ့ ပြည်ပြေးတွေက မြန်မာပြည်ထဲက လက်နက်ကိုင်တွေနဲ့ပေါင်းပြီး လိမ်လည်မှုတွေ လုပ်ကိုင်နေတာလို့ စွပ်စွဲခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ဆင်ရေး ၁၀၂၇ စတင်တဲ့နေ့ကစလို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး နိုဝင်ဘာ ၂ ရက်နေ့အထိဆိုရင် စခန်းကြီး၊ ငယ်ပေါင်း ၉၀ ကျော်အထိ သိမ်းပိုက်နိုင်ခဲ့ပြီလို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024