ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကေအိုင်အေဌာနချုပ်ရှိရာ ဒေသဖြစ်တဲ့ လိုင်ဇာမြို့အနီးကို နိုဝင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီလောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်သွားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဘက်က ကင်းထောက်လေယာဥ်တစင်း ဦးစွာပျံသန်းလာပြီးနောက်မှာ ဂျက်ဖိုက်တာတစီးနဲ့ တိုက်ခိုက်သွားခဲ့တာဖြစ်ပြီး အာလဲန်ဘွမ်တောင်မှာ ကျရောက် ပေါက်ကွဲခဲ့ပါတယ်။
ဒေသခံတယောက်က “ဒီတခေါက်က တစီးတည်းပဲ မိုးပေါ်တည့်တည့်ကနေ ဇောက်ထိုးဆင်းလာပြီး ချသွားတာ၊ မနေ့ကလောက် မီးခိုးတွေမထွက်ဘူး။ လေးလုံးချတာ နှစ်လုံးမအောင်ဘူးလို့ ကြားတယ်” လို့ ပြောပါတယ်။
အာလဲန်ဘွမ်တောင်ကို စစ်ကောင်စီဘက်က အခုအကြိမ် အပါအဝင် နှစ်ရက်အတွင်း လေကြောင်းအသုံးပြုပြီး အနည်းဆုံး ငါးကြိမ် တိုက်ခိုက်ခဲ့ပြီး ဖြစ်ပါတယ်။
မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်က သိမ်းယူရရှိထားတဲ့ စစ်ကောင်စီအခြေစိုက် ကန်ဒေါင်ယန် ဗျူဟာကုန်းမှာလည်း KIA, AA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီဘက်က တန်ပြန်ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေပါတယ်။
စခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် လိုင်ဇာမြို့ အနီးတဝိုက်နဲ့ စစ်ရှောင်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံ ရာနဲ့ချီပြီး ပြောင်းရွှေ့နေကြရပါတယ်။