Home
မြန်မာသတင်း
သည်းခံနိုင်စွမ်း ကုန်ဆုံးသွားသဖြင့်  ထိန်းထိန်းသိမ်းသိမ်း ဗုံးကြဲတိုက်ခိုက်နေဟု စစ်ကောင်စီ ထုတ်ပြန် 
DVB
·
November 1, 2023
Kan Taw Yan_01112023

ကေအိုင်အေတပ်ဖွဲ့တွေအပေါ် သည်းခံနိုင်စွမ်းကုန်ဆုံးသွားလို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ တုံ့ပြန် တိုက်ခိုက်နေတယ်လို့ စစ်ကောင်စီက ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေ သတင်းထုတ်ပြန်ပါတယ်။

ကေအိုင်အေနဲ့ ပူးပေါင်းအင်အားစုတွေဟာ မနေ့ မနက်က  မြစ်ကြီးနား-ဗန်းမော်  ကားလမ်းမကြီးမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ကန်တော်ယန်တစ်ဝိုက်ရှိ လုံခြုံရေးအဖွဲ့ဝင်တွေကို  ဝင်ရောက် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်က အရာရှိ/စစ်သည်တချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ  ရရှိခဲ့တာနဲ့ ပတ်သက်ပြီး ထုတ်ပြန်လိုက်တာပါ။

ကေအိုင်အေတပ်တွေက အောက်တိုဘာ ၆ ရက်နေ့က  အဆိုပါ လမ်းကြောင်းပေါ်ရှိ လဲလုံလမ်းကြောင်း လုံခြုံရေးစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့လို့ ငြိမ်းချမ်းရေးဆွေးနွေးမှု အဖွဲ့ (PCG)ကနေတဆင့် ဆက်သွယ်ပြီး မတိုက်ခိုက်ဖို့နဲ့ တိုက်ခိုက်လာရင် သည်းခံနိုင်စွမ်းကုန်ဆုံးပြီး သင့်လျော်တဲ့ တုံ့ပြန်မှု ဆောင်ရွက်သွားမယ်လို့ သတိပေးခဲပေမဲ့ ရှမ်းမြောက်တိုက်ပွဲကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် သတင်းပေးဒလန်တွေရဲ့ တိကျစွာ သတင်း ပေးပို့ချက်အရ ကြိုတင်သိရှိထားတဲ့  ကေအိုင်အေ အဖွဲ့ရဲ့ လက်နက်ထုတ်လုပ်တဲ့ နေရာ၊ ခဲယမ်းနဲ့ မိုင်းထုတ်ရာနေရာတွေနဲ့ သိုလှောင်တဲ့ နေရာတွေကို စစ်တပ်ကတုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်၊ နယ်စပ်နဲ့ နီးကပ်နေလို့  အိမ်နီးချင်း တရုတ်နိုင်ငံကို ကြိုတင်အသိပေးပြီး ထိန်းထိန်းသိမ်းသိမ်း ကန့်သတ် တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ ထပ်လုပ်ပါက လက်တုံ့ပြန်မယ်လို့ စစ်ကောင်စီ သတင်းမှာဖော်ပြပါတယ်။

စစ်ကောင်စီအခြေစိုက် ဂန်ဒေါင်ယန်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ရက္ခိုင့်တပ်တော် (အေအေ) မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မကြာမီမှာပဲ ဂန်ဒေါင်ယန်စခန်း အပါအဝင် ကေအိုင်အေ အခြေစိုက် အာလဲန်ဘွမ်စခန်းကို စစ်ကောင်စီဘက်က ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းကနေ အုပ်ဖွဲ့ကာ တန်ပြန်တိုက်ခိုက်ခဲ့ပါတယ်။

အောက်တိုဘာ ၃၀ ရက် ညနေ ၃ နာရီလောက်မှာ တိုက်လေယာဥ် ၆ စီးပါ တိုက်လေယာဥ်အုပ်စုနဲ့ လိုင်ဇာမြို့အနီးက အာလဲန်ဘွမ်တောင်ကို လေကြောင်းက ဗုံးကြဲချမှု အနည်းဆုံး နှစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် မြို့နေပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ အလွန်အမင်း ထိတ်လန့်ခဲ့ကြပြီး နီးစပ်ရာ နယ်စပ်စည်းရိုးဘေးက ချောင်းကမ်းပါးတွေမှာ ထွက်ပြေး ပုန်းရှောင်ခဲ့ရပါတယ်။

Photo- DSINFO

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024