ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့က စစ်ကောင်စီတပ်စခန်းနဲ့နီးတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်က ဆေးဝါးနဲ့ ရိက္ခာတွေ လုယူနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မတူပီမြို့နယ်အခြေစိုက် ခလရ ၃၀၄ တပ်ရင်းရဲ့ လက်အောက်ခံ လိုင်လင်းပီတပ်ခွဲစခန်းက သူတို့အနီးနားမှာ နေထိုင်တဲ့ ကျောင်းရပ်ကွက်နဲ့ ဘောလုံးကွင်းရပ်ကွက်က စျေးဆိုင်တွေနဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကနေ ပစ္စည်းတွေ လုယူခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၀ ရက်လောက်က စတင်ပြီး အခုအချိန်အထိ စစ်ကောင်စီတပ်သားတွေဟာ အစားအသောက်နဲ့ ဆေးဝါးပစ္စည်းတွေကို ပိုက်ဆံမပေးဘဲ လုယူနေတယ်လို့ သိရပါတယ်။
“ဆိုင်တွေထဲဝင်ပြီး သူတို့လိုချင်တာကို ယူကြတယ်။ ဆေးဆိုင်တွေမှာ သောက်ဆေးတွေ၊ ဆေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ရွေးယူကြတယ်။ ဆိုင်ရှင်တွေကလည်း မပြောရဲတော့ ကြည့်နေရတယ်။ တချို့ဆိုင်တွေဆို သူတို့လာမယ့်အချိန်ကို ခန့်မှန်းပြီး ဆိုင်ပိတ်ထားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
မတူပီမြို့နယ်ရဲ့ နယ်မြေအများစုဟာ CDF ထိန်းချုပ်နယ်မြေဖြစ်ပြီး လိုင်လင်းပီတပ်စခန်းကို စစ်ကောင်စီက ရိက္ခာပို့ဆောင်ပေးတာ၊ တပ်ချိန်းတာတွေ မလုပ်ပေးတဲ့အတွက် စစ်ကောင်စီတပ်သားတွေ အခက်ကြုံနေရတယ်လို့လည်း သိရပါတယ်။