ပဲခူးတိုင်း၊ ပဲခူးမြို့အတွင်းမှာ မော်တော်ဆိုင်ကယ်တွေကို ယာဥ်ထိန်းရဲတွေက အကြောင်းမျိုးစုံနဲ့ ဖမ်းဆီးငွေညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၂ နှစ်ကုန်ပိုင်းကစတင်ပြီး မော်တော်ဆိုင်ကယ်တွေကို နောက်ကြည့်မှန်၊ နံပါတ်ပြား၊ ဦးထုပ် စတဲ့ ဖမ်းဆီးမှုတွေအပြင် ဆိုင်ကယ်လိုင်စင်၊ လူလိုင်စင် စတာတွေပါ နေ့စဉ် စစ်ဆေး ဖမ်းဆီးတာတွေ ပြုလုပ်လာခဲ့ပါတယ်။
ပဲခူးမြို့အတွင်းမှာ နေရာအနှံ့အပြား နေ့စဉ် ဖမ်းဆီးမှုေတွ ပြုလုပ်လာလို့ ဒေသခံတွေ သွားရေးလာရေး ခက်ခဲလာတဲ့အပြင် အကြောင်းမျိုးစုံ ပုဒ်မတပ်ပြီး ဖမ်ဆီး ဒဏ်ရိုက်တာတွေလည်း ရှိလာပါတယ်။
ပဲခူးမြို့ခံတဦးက “သူတို့တားလိုက်ပြီဆိုတာနဲ့ တခုမဟုတ် တခုရအောင် ပုဒ်မတပ်ပြီး ဖမ်းပါတယ်။ နောက်လူမပါဘဲ နောက်ကခြေနင်းချမိတာတောင် ဖမ်းပြီး ဒဏ်ရိုက်ပါတယ်။ သူတို့ကို မေးတော့ ဝန်ကြီးချုပ်က ဖမ်းခိုင်းလို့ ဖမ်းတာလို့ ပြောပါတယ်” လို့ ပြောပါတယ်။
ဖမ်းမိတဲ့ဆိုင်ကယ်တွေကို နေရာမှာတင် ဒဏ်ေငွေဆာင်နိုင်ပါက စာရင်းဖျောက်ပြီး ပြန်လည်လွှတ်ပေးပေမဲ့ ဒဏ်ငွေမဆောင်နိုင်ပါက တရားရုံးကို လွှဲပြောင်းကာ လူပါ ထောင်ချတာမျိုးတွေ ပြုလုပ်လာပါတယ်။
ဖမ်းဆီးခံရဖူးသူတဦးက “ကျနော့်ကို (သ) လိုင်စင်နဲ့ မောင်းလို့ဆိုပြီး ဖမ်းတာပါ။ သူတို့ပြောတော့ (သ) လိုင်စင်က တနှစ်သက်တမ်းရှိတယ် ပြောထားတာ။ အခုကျ ၃ လနေရင် (က) လိုင်စင် ပြောင်းရတယ်။ ကျနော် မပြောင်းလို့ ဖမ်းတာပါတဲ့။ သူတို့က အဲဒီလို ပြောင်းလိုက်တယ်ဆိုပြီး တရားဝင်ကြေညာထားတာလည်း မရှိဘဲ ဖမ်းတာပါ။ နားလည်တဲ့သူတွေကျတော့ နေရာမှာတင် ပိုက်ဆံပေးပြီး ပြန်လွှတ်ပေးတယ်။ နားမလည်သူ၊ ပိုက်ဆံမပေးနိုင်တဲ့လူဆိုရင်တော့ တရားရုံးခေါ်တယ်။ တချို့ဆို ထောင်ပါချပါတယ်။ ၁ လကနေ ၃ လထိ ထောင်ချတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။
ဒဏ်ကြေးကို အနည်းဆုံး ၃ သောင်းကျပ် ပေးဆောင်ရပြီး ၃ သောင်းမပါရင် ပါသလောက်ပေးဆိုပြီး တောင်းတာတွေလည်း ရှိပါတယ်။
လိုင်စင်မဲ့ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်တွေကို လိုင်စင်ပြုလုပ်ပေးတာမျိုး မရှိဘဲ ဒဏ်ကြေးဆောင်ပြီးပါက အရင်တိုင်း ပြန်လည်မောင်းနှင်ခွင့်ပေးလိုက်ပြီး နယ်စပ်ကေန ဝင်လာတဲ့ လိုင်စင်မဲ့ ဆိုင်ကယ်တွေကိုတော့ ဆိုင်တွေမှာ ရောင်းချခွင့် ပေးထားပါတယ်။
နောက်ထပ်ဖမ်းဆီးခံရသူတဦးက “ပဲခူးမှာက ဆိုင်ကယ်အစီး ၁၀၀ မှာ ၉၀ က လိုင်စင်မဲ့တွေေလ၊ လိုင်စင်မဲ့ဆိုင်ကယ်တွေက ဂိတ်အထပ်ထပ်ကို ဖြတ်လာရပြီးမှ ပဲခူးကိုရောက်တာ။ အဲ့လို လိုင်စင်မဲ့ဆိုင်ကယ်တွေကို ပေးဝင်ပြီးေတာ့ လိုင်စင်ပြည့်ပြည့်ဝဝ မလုပ်ပေးဘူး။ အခုဟာက လိုင်စင်မဲ့ဆိုင်ကယ်တွေကို ရောင်းတဲ့သူတွေက အကြီးအကျယ် showroom နဲ့ပါ ရောင်းနေတာ။ သူတို့ကိုတော့ ခွင့်ပြုပြီး လိုင်စင်မဲ့စီးတဲ့ သူတွေကိုပဲ ဖမ်းလိုက်၊ ပိုက်ဆံတောင်းပြီး ပြန်လွှတ်လိုက်၊ နောက်တခါ ထပ်ဖမ်းလိုက် လုပ်နေတာ” လို့ ပြောပါတယ်။
ရုံးမှာ ဆိုင်ကယ်သွားရောက်ထုတ်တဲ့အခါမှာတော့ အလှူငွေသဘောမျိုးသာ ပေးဆောင်ရပြီး ဆိုင်ကယ်ထိန်းသိမ်းထားတဲ့နေရာနဲ့ တရားရုံးက နေရာအရမ်းဝေးလွန်းတာကြောင့် ဒေသခံတွေ အခက်အခဲရှိကာ ဆိုင်ကယ် ကယ်ရီသမားတွေနဲ့လည်း ပူးပေါင်း လုပ်စားတာတွေလည်း ရှိပါတယ်။
ပဲခူးမှာ ဆိုင်ကယ်တွေကို အရင်က တနင်္ဂနွေလိုနေ့မှာ မဖမ်းဆီးပေမဲ့ ခုခါမှာတော့ အဲ့နေ့တွေမှာ ဖမ်းဆီးတာအပြင် လမ်းကြားတွေထိပါ ဝင်ရောက်ဖမ်းဆီးတာတွေ ရှိပါတယ်။
ဆိုင်ကယ်ဖမ်းပြီးပါက တခါတရံ မှတ်ပုံတင်တွေ စစ်ဆေးတာတွေ ပြုလုပ်ပြီး တချို့ဆိုင်ကယ်တွေကို အတင်းတွန်းလှဲ ဖမ်းဆီးတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိလာပါတယ်။