Home
မြန်မာသတင်း
ကျောက်မဲတွင် စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်၊ မြို့ထဲ စစ်ရေးပြင်နေ
DVB
·
November 1, 2023
Kyauk Me Jet Fighter_01112023
Kyauk Me_01112023

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ၅၀၂ တပ်စခန်းက လက်နက်ကြီးတွေနဲ့ နောင်ပြစ်ကျေးရွာနားကို ပစ်ခတ်နေကြောင်း TNLA တပ်ဖွဲ့က  သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁ ရက်၊ မနက် ၁၁ နာရီကျော်လောက်မှာ ပစ်ခတ်နေတာဖြစ်ပြီး အုမ္မခါးနဲ့ ဆမ်မဆယ်ကျေးရွာ ဘက်ကိုလည်း ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ်လာပစ်ကြောင်းလည်း ဆိုပါတယ်။

ကျောက်မဲဒေသခံတစ်ယောက်က “ဒီနေ့အတွင်းပဲကို ၈ ခါလောက်ရှိပြီ။ ၁၀ နာရီ ၁ မိနစ်ကနေ အခု ၁၂ နာရီအထိပေါ့။ လက်နက်ကြီးလား၊ ဗုံးလားတော့ မသိဘူး။ အသံတော့ အတော်ဩတယ်။ တစ်ချက်တစ်ချက်လေ။ တိုက်ပွဲလိုမျိုးတော့ မဟုတ်လောက်ဘူး။ အသံကြားတာက ကျောက်မဲရဲ့ ၅၀၁၊ ၅၀၂ ခလရ စစ်တပ်ဘက်၊ နောက်တစ်ခုက ကျောက်မဲရဲ့ ငြိမ်းချမ်းရေးကုန်းဆိုတာ အဲမှာလည်း ၂ ချက်ကြားတယ်။”

ကျောက်မဲမြို့ထဲမှာလည်း စစ်ကောင်စီတပ်က ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ရဲစခန်းနဲ့ ထွေအုပ်လိုမျိုး သူတို့လက်အောက်ခံရုံးတွေ၊ စခန်းတွေကို ဆေးအမဲရောင်သုတ်ပြီး စစ်ရေးပြင်နေတဲ့ အနေအထားကို တွေ့ရကြောင်း ဒေသခံကဆိုပါတယ်။

“ကျောက်မဲထဲမှာတော့ အခု ဘဏ်တွေ၊ ရုံးတွေပိတ်ထားတယ်၊ ဆိုင်းဘုတ်တွေဖျက်ထားတယ်။ မြို့ကလူတွေကလည်း ဆန်တွေ၊ ဆီတွေ၊ ဆားတွေ သိုလှောင်ထားကြတယ်။ ဈေးတွေကလည်း ၅ နာရီဆို ပိတ်ပြီ။ မာရှယ်လောက ၅ နာရီရှိတယ်”

ဒါ့အပြင် ကျောက်မဲမြို့အတွင်း ဆန်ဆိုင်တချို့ပိတ်ထားကာ အခြေခံစားသောက်ကုန် ဈေးနှုန်းတချို့ မြင့်တက်နေပြီး နိုဝင်ဘာ ၁ ရက်နေ့ပေါက်ဈေးအရ စက်သုံးဆီ တစ်လီတာကို ၅၀၀၀ အထိ အရောင်းအဝယ်ဖြစ်နေကြကြောင်း ပြောပါတယ်။

ကျောက်မဲမြို့မှာတိုက်ပွဲဖြစ်တာမရှိသေးပေမယ့် ဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပြီး ညီနောင်မဟာမိတ် (၃) ဖွဲ့ဘက်ကလည်း စစ်ဆင်ရေးဖော်၊ မဖော်ဆိုတာကို ထုတ်ပြောတာ မရှိသေးပါဘူး။

ဒါပေမဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက MNDAA ပြောခွင့်ရသူကတော့ နိုဝင်ဘာ ၁ ရက်နေ့မှာ ကွမ်းလုံမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ် တပ်ရင်း ၁၂၇ အနီးတိုက်ပွဲဖြစ်နေပြီး သိန္နီမြို့နယ်ထဲက နေရာတချို့မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024