ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အာဖရိကကိုယ်စားပြု အမြဲတမ်းကိုယ်စားလှယ် ထားရှိဖို့ ဂျာမနီအဓိပတိ အိုလာ့ဖ် ရှို့လ်ဇ်က အောက်တိုဘာ ၃၁ ရက်မှာ ဂါနာနိုင်ငံဆီ နိုင်ငံတော် အလည်အပတ် ခရီးစဉ်နဲ့ ရောက်နေချိန်မှာ ပြောလိုက်ပါတယ်။
ယူကရိန်းနဲ့ အစ္စရေးတို့လို့ ပဋိပက္ခတွေမှာ ဗီတိုအာဏာသုံး ရန်လိုသူတွေကို ပြုပြင်ပြောင်းလဲမှုအတွက် အကြောင်းပြချက်အဖြစ် ဂါနာသမ္မတ နာနာ အာကူဖို-အက်ဒိုက ထောက်ပြခဲ့ပါတယ်။
ရှို့လ်ဇ်ဟာ နှစ်နိုင်ငံခရီးစဉ်အဖြစ် ဆာဟာရအောက်ပိုင်း အာဖရိကဒေသဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံဆီ အောက်တိုဘာ ၂၉ ရက်က ရောက်လာပြီး ဂါနာနိုင်ငံရဲ့ မြို့တော် အက်ခ်ရာဆီကို အောက်တိုဘာ ၃၀ ရက် နှောင်းပိုင်းမှာ ရောက်လာတာပါ။
ဒါဟာ ရှို့လ်ဇ်အတွက် နှစ်နှစ်အတွင်း တတိယမြောက်ခရီးစဉ် ဖြစ်ပါတယ်။ ဂါနာနိုင်ငံရဲ့ အစိုးရရုံးစိုက်ရာ ဂျူဗလီဟောက်စ်မှာ ကြိုဆိုရေး အခမ်းအနား ကျင်းပခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀ အဖွဲ့ G20 မှာ မကြာသေးမီက အာဖရိကသမဂ္ဂ ပါဝင်လာမှုကို ချီးကျူးခဲ့ရင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း အာဖရိကဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
အာကူဖို-အက်ဒိုကလည်း လုံခြုံရေးကောင်စီမှာ ပိုကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တောင်းဆိုခဲ့ပြီး ရန်လိုသူကိုယ်တိုင်က ဗီတိုအာဏာသုံးနိုင်တဲ့ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ လုံခြုံရေးကောင်စီရဲ့ အကန့်အသတ်တွေကို အဓိကထား ပြောဆိုခဲ့ပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်မှုနဲ့ ဟားမတ်စ် စစ်သွေးကြွအဖွဲ့က အစ္စရေးကို အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုကို ရှုတ်ချချိန်မှာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးခြင်းမရှိဘဲ အကျပ်အတည်းနှစ်ခုစလုံးအတွက် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ လိုအပ်တယ်လို့လည်း အလေးပေး ပြောဆိုခဲ့ပါတယ်။
Source/Photo-Reuters