ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားပေါ်ကနေ ခုန်ချမယ့် အမျိုးသမီးတဦးကို အောက်တိုဘာ ၃၁ ရက် ညပိုင်းမှာ ရဲသူရိန် စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့က အချိန်မီ ကယ်ဆယ်နိုင်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲ့ဒီညပိုင်းက အမျိုးသမီးတဦး မြို့ထဲဘက်အဆင်း တံတားဘယ်ဘက်မှာ လက်ရန်းကို ကျော်ပြီး ဓာတ်တိုင်ကို ကိုင်ထားတယ်လို့ တက္ကစီယာဉ်မောင်းတဦးက ရဲသူရိန်ရုံးကို လာပြောခဲ့ပါတယ်။
ရဲသူရိန် စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက “သူက တံတားရဲ့ မြို့ထဲဘက်အဆင်း ဘယ်ဘက်ခြမ်းမှာပါ။ ဓာတ်မီးတိုင်ကိုကိုင်ပြီး နောက်ပြန်လှန်ပြီး ခုန်ချမယ့်အချိန်မှာ သူ့အနား တယောက်မှ မကပ်ခိုင်းဘူး။ တယောက်တည်း ကပ်သွားတယ်။ သူ့ကို စကားလမ်းကြောင်းလွှဲတယ်။ အားပေးနှစ်သိမ့်တယ်။ သူ့အနား ဖြည်းဖြည်းချင်း ချဉ်းကပ်သွားတယ်။ သူက လက်လွတ်တော့မှာ။ သူ့ရဲ့လက်ကို မိသွားတယ်။ မိသွားတဲ့အချိန်မှာ ဆွဲပြီးတော့ ပွေ့တင်လိုက်တယ်။ သူက မှော်ဘီကလာတယ်လို့ ပြောတယ်။ ရန်ကုန်ဆေးရုံကြီးကို ပို့ပေးထားပါတယ်။ ထိခိုက်မိတာမျိုး မရှိပါဘူး” လို့ ပြောပါတယ်။
မြေနီကုန်းတံတားဟာ လမ်းလျှောက်ခွင့်ပိတ်ပင်ထားတဲ့ တံတားဖြစ်ပြီး တံတားအောက်ခြေမှာ ကားလမ်းရှိတာ ဖြစ်တဲ့အပြင် ကားလမ်းနဲ့ တံတားအလွတ် အမြင့်ပေ ၄၀ နီးပါးရှိတာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိချိန်မှာ ခုန်ချမယ့်အမျိုးသမီးနဲ့ ၁၅ မိနစ်လောက် ညှိနှိုင်းပြောဆိုနေခဲ့ရပြီး အမျိုးသမီးရဲ့လက်ကို ဆွဲကိုင်မိရာမှ ည ၁၀ နာရီ မိနစ် ၂၀ မှာ အချိန်မီ ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ခုန်ချမယ့်သူဟာ မှော်ဘီမြို့နယ်မှာနေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် မမိုးစက်ပွင့်ဖြစ်ပြီး မိသားစုအခက်အခဲ အခြေအနေကြောင့် တံတားပေါ်ကနေ ခုန်ချဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါအမျိုးသမီးကို ရဲသူရိန် စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့နဲ့အတူ အရပ်ဘက်အသင်းတွေ ပူးပေါင်းကယ်ဆယ်ခဲ့ကြပြီး လူနာတင်ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကာ ခုန်ချမှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြပါဘူး။