ထိုင်းနိုင်ငံထဲမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို ဗီဇာကြေးနဲ့ နေထိုင်ခွင့်မှတ်ပုံတင်ကြေးတွေ လျှော့ချပေးလိုက်တယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
အဆိုပါထုတ်ပြန်ချက်အရ ရွှေ့ပြောင်းအလုပ်သမားတို့ရဲ့ ဗီဇာကြေး မူလ ဘတ် ၂၀၀၀ ကနေ ဘတ် ၅၀၀ ထိ၊ နေထိုင်ခွင့်မှတ်ပုံတင်ကြေး မူလ ၁၉၀၀ ဘတ်ကနေ ဘတ် ၅၀၀ ထိ လျှေ့ချပေးမှာဖြစ်ပြီး ထုတ်ပြန်တဲ့နေ့ကစ ၁၅ ရက်အတွင်း (နိုဝင်ဘာ ၁၀ ရက်မှ ၁၅ ရက်အတွင်း) စတင်အသက်ဝင်မယ်၊ ဒါဟာ ၄ နှစ်သက်တမ်းအတွက်လို့ ဆိုပါတယ်။
ဗီဇာနဲ့ မှတ်ပုံတင်ကြေး လျှော့ချပေးခံရတဲ့ အလုပ်သမားတွေထဲမှာ နှစ်နိုင်ငံသဘောတူစာချုပ် (အမ်အိုယူစနစ်) နဲ့ ဝင်ရောက်လာတဲ့ အလုပ်သမားတွေ၊ PJ အမျိုးအစား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေ၊ CI ယာယီနိုင်ငံကူး လက်မှတ်အစိမ်းရောင် ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေ၊ နေထိုင်ခွင့်အထောက်အထားရရှိရေး အမည်စာရင်း တင်သွင်းထားတဲ့ အလုပ်သမားတွေ အကျုံးဝင်ပါတယ်။
ဒီလို ဝန်ဆောင်ခံတွေ လျှော့ချပေးတာဟာ တရားမဝင်အလုပ်သမားပြဿနာ ဖြေရှင်းဖို့၊ အလုပ်သမားတွေရဲ့ အရည်အသွေးမြှင့်တင်ဖို့၊ ကုန်ထုတ်လုပ်မှုနဲ့ တင်ပို့မှုတွေ လုပ်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးဖို့၊ ကိုဗစ်-၁၉ ကာလတွင်း ကျဆင်းခဲ့တဲ့ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာအောင် ဆောင်ရွက်ဖို့ဖြစ်ပြီး အလုပ်သမားစီမံခန့်ခွဲရေး ဦးစီးဌာနနဲ့လည်း ချိတ်ဆက်ပြီးဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နန်းဆောင် တရိုင်းဆူရီ တရိုင်းဆလွန်နကွန်းက ထုတ်ပြန်ပြောဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၂၃ စက်တင်ဘာလထိ တရားဝင်မှတ်ပုံတင်ထားတဲ့ ရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၂,၅၉၃,၄၃၉ ဦးရှိတဲ့အပြင် နောက်ထပ် နေထိုင်ခွင့်မှတ်ပုံတင်ထားတဲ့ လူသစ်က ၁ သန်း ကျော်ရှိတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနစာရင်းအရ သိရပါတယ်။
ကိုးကား - posttoday