မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၄,၁၆၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၅,၃၆၃ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၆၃၉ ယောက် လက်ရှိ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၉၄၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါ တယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၂၀ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၃ ယောက် ရှိလာ ခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၇၂၄ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အေအေပီပီ မှတ်တမ်းနှင့် သုတေသနဌာနက ကောက်ယူထားတဲ့ သတင်းအချက်အ လက်တွေအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်ကနေ ဒီကနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး ၁၆ ယောက်နဲ့ အမျိုးသား ၆၁ ယောက်၊ စုစု ပေါင်း ၇၇ ယောက် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အယောက် ၄၀ နဲ့ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တလတာအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး ၁၇ ယောက်နဲ့ အမျိုးသား ၃၄ ယောက်၊ စုစုပေါင်း ၅၁ ယောက်ကို ဖမ်းဆီးခဲ့ပြီး မန္တလေးတိုင်းမှာ ၁၇ ယောက်နဲ့ အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါကာလအတွင်း နိုင်ငံတဝန်း စစ်အုပ်စု လက်အောက်ခံ တရားရုံးတွေက မတရား ပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရပြီး လက်ရှိ အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရသူ အမျိုးသမီး ၁၄ ယောက်နဲ့ အမျိုးသား ၁၂၂ ယောက် စုစုပေါင်း ၁၃၆ ယောက် ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၁၀၃ ယောက်နဲ့ အများဆုံး ထောင်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့ အေအေ ပီပီက ပြောပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။