မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းရှိ ဦးပိန်တံတား သီတင်းကျွတ်လပြည့်နေ့က ကျိုးကျခဲ့ပြီး နောက်တရက်အကြာ မွန်းလွဲပိုင်းမှာ ပြန်လည်ပြင်ဆင်ပြီးသွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၉ ရက်၊ သီတင်းကျွတ်လပြည့်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က တောင်သမန်ကျေးရွာရှိ နာမည်ကျော် ဦးပိန်တံတားဆီ သွားရောက်လည်ပတ်သူများတာမို့ အလေးချိန် မခံနိုင်တော့ဘဲ အကန့်နှစ်ခုစာ ကျိုးကျခဲ့တာပါ။
တံတားကျိုးကျချိန်မှာ လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေထဲက အမျိုးသား ၁၅ ယောက်၊ အမျိုးသမီး ၈ ယောက်၊ စုစုပေါင်း ၂၃ ယောက် ရေထဲပြုတ်ကျခဲ့ပေမဲ့ မစိုးရိမ်ရတဲ့အဆင့် ပွန်းပဲ့ဒဏ်ရာတွေသာ ရခဲ့ကြပါတယ်။
တောင်သမန်ကျေးရွာနေ ဒေသခံတဦးက “သစ်သားတံတားဆိုတော့ ပြန်ပြင်ရတာ မြန်ပါတယ်၊ တရက်ပဲကြာလိုက်တယ်။ နောက်ရက် ပိတ်ရက်ရှိတုန်းဆိုတော့ လာလည်ကြပြန်တာပေါ့” လို့ ပြောပါတယ်။
တံတားကို ပြန်လည်ပြင်ဆင်မှု ပြီးစီးချိန်မှာ အပန်းဖြေ လာရောက်လည်ပတ်ကြသူတွေနဲ့ ဦးပိန်တံတား ချက်ချင်း ပြန်လည်စည်ကားနေကြတာကို တွေ့ရပါတယ်။
ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနဲ့ ဘေးကင်းလုံခြုံစိတ်ချရမှု သေချာဖို့အတွက် ဦးပိန်တံတားကို ပြင်ဆင်မှုပြီးပြီးချင်း အလည်အပတ်ခရီးသွားတွေကို ချက်ချင်း ခွင့်မပြုသင့်သေးဘူးလို့လည်း ပြောပါတယ်။