အနောက်အာဖရိကနိုင်ငံ ဆီနီဂေါမှာ ရွှေ့ပြောင်းအခြေချမှု အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ ကူညီဖို့ စပိန်အစိုးရက ဆီနီဂေါနိုင်ငံဆီ multicopter ဒရုန်းအသစ် ခြောက်စင်း ပေးပို့ခဲ့ပါတယ်။
တပ်စွဲထားတဲ့ စပိန်လုံခြုံရေးဝန်ထမ်းတွေကို အားဖြည့်ဖို့ စီစဉ်နေတယ်လို့ စပိန်နိုင်ငံ ယာယီပြည်ထဲရေးဝန်ကြီး ဖာနန်ဒိုဂရန်ဒီမာလက်စ်ကာက အောက်တိုဘာ ၃၀ ရက်မှာ ပြောပါတယ်။
ဂရန်ဒီ မာလက်စ်ကာဟာ ဆီနီဂေါနိုင်ငံမှာ ရောက်နေပြီး ဆီနီဂေါပြည်ထဲရေးဝန်ကြီး စီဒီခီ ခါဘာနဲ့ တွေ့ဆုံခဲ့ပါတယ်။
အခုနှစ်မှာ အနောက်အာဖရိက၊ အထူးသဖြင့် ဆီနီဂေါကနေ စပိန်နိုင်ငံ ကာနာရီ ကျွန်းစုတွေဆီ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ဟာ စံချိန်တင် မြင့်မားလုနီးပါး ရောက်နေခဲ့ပါတယ်။
အခုနှစ် ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၁၅ ရက်အတွင်း စပိန်ကျွန်းတွေဟာ ရွှေ့ပြောင်းနေထိုင်သူ ၂၃,၅၃၇ ဦးကို လက်ခံရရှိခဲ့ပြီး မနှစ်က အလားတူကာလကထက် ၈၀ ရာခိုင်နှုန်း တိုးလာတယ်လို့ တရားဝင်အချက်အလက်တွေက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က တရက်တည်းမှာ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၁,၀၀၀ ကျော် ရောက်လာခဲ့တာပါ။
ကာနာရီကျွန်းတွေဆီ ရောက်လာတဲ့ တောက်ပတဲ့ ဆေးသုတ်ထားတဲ့ ငါးဖမ်းလှေအများစုဟာ ဆီနီဂေါကမ်းရိုးတန်းကနေ ထွက်လာကြတာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters