Home
မြန်မာသတင်း
ပေါက်၊ ရေနံချောင်းနှင့် မြင်းခြံတို့တွင် စစ်ကောင်စီစစ်ကြောင်းများ တိုက်ခိုက်ခံရ၊ ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်
DVB
·
October 31, 2023

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ အောက်တိုဘာ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေက စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိကာ စစ်ကောင်စီ စစ်ကြောင်းက ပြည်သူ ၂ ယောက်ကို နှိပ်စက် သတ်ဖြတ်ခဲ့ကြတယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။

ပေါက်မြို့နယ်၊ သရက္ကန်ကျေးရွာကို အောက်တိုဘာ ၂၉ ရက်မှာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကိုအောင်မြင့်နိုင်နဲ့ ကိုအောင်ဇင်ထွေးတို့ကို ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်ခဲ့ကြတယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ရော့ကက် ၄၅ လုံးလောက်အပါအဝင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီး ည ၁၀ နာရီလောက်မှာလည်း ဒရုန်းနဲ့ ဗုံးသီး ၂၄ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဟာ အောက်တိုဘာ ၃၀ ရက် မနက် ၆ နာရီလောက်မှာ ကန်သစ်ကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ရွာမြောက်ဘက်ကို ၄၀ မမတွေနဲ့ ပစ်ခတ်ပြီး ဝင်လာတဲ့အချိန် အသင့်ထောင်ထားနဲ့ မိုင်းပွိုင့် ၄ ပွိုင့်နဲ့ တိုက်ခိုက်ခဲ့လို့ အများအပြား ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒရုန်းတွေနဲ့ ကင်းထောက်ပြီး ရွာထဲက နေအိမ်တွေကို မွှေနှောက်ကာ ပြည်သူတွေပိုင်ဆိုင်တဲ့ ငွေကြေးနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူသွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အထိနာသွားတာကြောင့် နေ့ခင်းဘက်တွေမှာ စစ်​ကြောင်းမထိုးရဲတော့ဘဲ ညဘက်တွေမှာ ခိုးကြောင်ခိုးဝှက် ပုန်းပြီး ထွက်နေရကာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တန်ပြန်စစ်ကြောင်းထိုးနေရပြီး တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာလည်း အောက်တိုဘာ ၂၉ ရက် ညက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခုကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးခရိုင် တပ်ရင်း-၂ ကနေ သိရပါတယ်။

ရေနံချောင်း မြို့ရှောင်လမ်းနဲ့ ယာကြီးပြင်-အင်တောလမ်းဆုံက စစ်ကောင်စီရဲ့ ယာကြီးပြင် စစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၂၉ ရက် ည ၁၁ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အနီးကပ် တိုက်ခိုက်ခဲ့တာလို့ မကွေးခရိုင် တပ်ရင်း-၂ တာဝန်ခံ ဗိုလ်စံရှားက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သား အင်အား ၁၂ ယောက်လောက်ရှိပြီး ကျနော်တို့ဘက်က ၄၀ မမတွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဂိတ်စခန်းဘန်ကာ ပျက်စီးခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်။”

အဲဒီတိုက်ခိုက်မှုကို မကွေးခရိုင် တပ်ရင်း-၂၊ ချောက်ပကဖ၊ ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့-CGF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဆေးရေးဂိတ်ဟာ မြို့ပေါ်နဲ့ အရမ်းနီးကပ်နေတဲ့အပြင် ကင်းပတ်တဲ့ ကား ၂ စီးလည်း ရောက်လာတာကြောင့် နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နဲ့ တောင်သာမြို့ကြားက စစ်တပ်စစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၂၇ ရက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်သားနဲ့ ရဲ ၃၀ လောက် သေဆုံးခဲ့တယ်လို့ Myaung Special People's Defense Force - MSPDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီနေ့ ညနေ ၄ နာရီခွဲလောက်မှာ PDF မဟာမိတ်ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ဗုံးသီးချတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ရာမှာ စစ်သားနဲ့ ရဲ ၂၃ ဦး သေဆုံးကာ စစ်သား ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Myaung Special People's Defense Force - MSPDF တာဝန်ရှိသူတဦးက “ထိတွေ့တိုက်ပွဲ ဖြစ်ပွားချိန် တနာရီနီးပါး ကြာပါတယ်။ ကျနော်တို့ မဟာမိတ်တပ်တွေဘက်က အထိအခိုက်မရှိ အောင်အောင်မြင်မြင်နဲ့ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ သူတို့ဘက်က ကျနော်တို့ ပြန်ကြားရတာ ၃၀ နီးပါး ပြုတ်တယ်လို့ သိရပါတယ်။ အခုလို ကျနော်တို့ အဲဒီဂိတ်ကို ပစ်နေကြချိန်မှာ မြင်းခြံဘက်ကနေ တပ်ကူလာကြတဲ့ ကားတွေကိုလည်း ကြားကနေ ဖြတ်တောက်ရေး လုပ်ကြပါတယ်။ အဲမှာလည်း ကားသုံးစီး မှောက်သွားတယ်။ ကားသုံးစီးလုံးထဲက ၂၀ လောက် ထပ်ပြုတ်သွားတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တောင်သာမြို့ဘက်က စစ်ကူလာတဲ့ စစ်ကား ၄ စီး၊ အင်အား ၂၀ ဝန်းကျင်ကို မိုင်းဆွဲ တိုက်ခိုက်တာနဲ့ လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့ရာ ကား ၃ စီး တိမ်းမှောက်ပြီး စစ်သားတွေ သေဆုံး ဒဏ်ရာရတာတွေရှိတယ်လို့ အတွင်းသတင်းအရ သိရပါတယ်။

အခုစစ်ဆင်ရေးကို စစ်ကိုင်းခရိုင် တပ်ရင်းအမှတ်-၄၊ MSPDF၊ မြင်းခြံခရိုင် တပ်ရင်း-၃ တပ်ခွဲ-၁၊ မြေလတ် PDF၊ မြင်းခြံခရိုင် တပ်ရင်း-၈၊ မြင်းခြံခရိုင် တပ်ရင်း-၄၊ မြင်းခြံခရိုင် တပ်ရင်း-၁၊ မိတ္ထီလာခရိုင် တပ်ရင်း-၂ နဲ့ နွားထိုးကြီးမြို့နယ် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024