ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်က ကန်တော်ယန်ဗျူဟာကုန်း စစ်ကောင်စီတပ်စခန်းကို အောက်တိုဘာ ၃၁ ရက် မနက် ၇ နာရီကျော်လောက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“ဒီမနက်တော့ သူတို့ စခန်း ၂ နေရာကို ငါတို့ဘက်က ပြန်ချနေပြီ” လို့ ရှေ့တန်းရင်းမြစ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အောက်တိုဘာ ၃၁ ရက် မနက် ၅ နာရီမှာ ကန်တော်ယန်ဗျူဟာကုန်း စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ် KIA ဘက်က ဝင်ရောက်တိုက်ခိုက်ပြီး ၃ နာရီအကြာမှာ သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
တဆက်တည်း တချိန်တည်းမှာ အတူစစ်မျက်နှာစဖွင့်တဲ့ မလိယန် စစ်တပ်စခန်းကိုလည်း KIA အမှတ် ၁ အထူးတပ်တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
ကန်တော်ယန်ဗျူဟာကုန်းဟာ မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်မှာ အခိုင်အမာ တပ်စွဲထားတဲ့ စစ်တပ်ဗျူဟာကုန်းတခု ဖြစ်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာလည်း ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ၄ ရက်အတွင်း စစ်ကောင်စီခံတပ်စခန်း ၇၁ ခုအထိ သိမ်းပိုက်နိုင်ခဲ့ပြီလို့ ညီနောင်မဟာ မိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။