မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာက ဒေသခံနေအိမ် ၂ လုံးကို အောက်တိုဘာ ၂၉ ရက် မနက်မှာ စစ်ကောင်စီက ချိပ်ပိတ်လိုက်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့သူတွေဆီကနေ သိရပါတယ်။
"စစ်ကောင်စီဘက်က လူကို ဖမ်းမရတာနဲ့ လူက ရှောင်တိမ်းနေတာကြာပါပြီ။ အခုမှအိမ်ကို စကစဘက်က လာချိပ်ပိတ်သွားတာ။”
၅၀၅ ဃ နဲ့ အမှုဖွင့်ခံထားရသူတွေဖြစ်တဲ့ ဒူးရင်းဆိပ်ကျေးရွာ အမှတ် ၂ ရပ်ကွက်က အေးလှိုင် (ခ) ပြောင်ကြီးနေအိမ်နဲ့ အမှတ် ၃ ရပ်ကွက်က မမေသင်္ကြန်နေအိမ်တို့ကို ချိပ်ပိတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်မှာ အကြမ်းဖက်မှုဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေ၊ PDF တွေရဲ့ နေအိမ်တွေ ၁၀၀ ထက်မနည်း စစ်ကောင်စီက ချိတ်ပိတ်ခဲ့တယ်လို့ ဆိုပါတယ်။