တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအရ အရေးပါတဲ့ ချင်းရွှေဟော်မြို့ကို မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေက ဆက်လက်သိမ်းပိုက်ထိန်းချုပ် ထားတယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက အာဏာသိမ်းစစ်ကောင်စီရဲ့တပ်စခန်း ၆၀ ကျော်ကို သိမ်းပိုက်ထားပြီး လက်ရှိအချိန်ထိ တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ကိုးကန့်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပါတယ်။
လက်ရှိအချိန်ထိတော့ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်ဖွဲ့တွေနဲ့ညီနောင်မဟာမိတ် ၃ ဖွဲ့တွေ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး သိန္နီမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် စစ်ရေးဖော်ဆောင်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။
မြောက်ပိုင်းညီနော်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့်တပ်ဖွဲ့ (MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တွေက အောက်တိုဘာလ ၂၇ ရက်နေ့မှာ စစ်ဆင်ရေးအမှတ် ၁၀၂၇ ကို ကြေညာပါတယ်။
ညီနောင်မဟာမိတ်၃ဖွဲ့က ရှမ်းပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေကို ပူးပေါင်းပြီး စစ်ရေးစတင်ဖော်ဆောင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကို အဆွဲပြုပြီးခေါ်ဆိုထားတဲ့ စစ်ဆင်ရေးအမှတ် ၁၀၂၇ ဟာ ရှမ်းပြည်နယ်ထဲမှာရှိတဲ့ ကိုးကန့်၊ မုံကုံး၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ နောင်ချို စတဲ့မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေတာဖြစ်ပြီး ဒေသခံပြည်သူ ထောင်နဲ့ချီပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။
ညီနော်မဟာမိတ် ၃ ဖွဲ့ဖော်ဆောင်နေတဲ့ စစ်ဆင်ရေးအမှတ် ၁၀၂၇ ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ အာဏာရှင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တချို့က ကြိုဆိုထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖော်ဆောင်နေတဲ့ စစ်ဆင်ရေးအမှတ် ၁၀၂၇ ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့်တပ်ဖွဲ့ (MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တွေအပြင် မန္တလေးပြည်သူ့ကာကွယ်ရေး တပ်မတော် MDY-PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့လည်း ပူးပေါင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အခုစစ်ဆင်ရေးအတွင်းမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိပေမဲ့ အတိအကျကိုတော့ နှစ်ဖက်စလုံးက ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။
အောင်သူ