ရက္ခိုင်တပ်တော် (အေအေ)တပ်ဖွဲ့တွေဟာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တရားဝင်သတင်း ထုတ်ပြန်ထားပါတယ်။
စစ်ရေးလေ့လာသူတစ်ဦးက “အေအေက မဟာမိတ်တွေနဲ့ပေါင်းပြီး အဓိကတိုက်ပွဲဖြစ်နေတဲ့ မြန်မာပြည်ရဲ့ အဓိကကျတဲ့နေရာတွေကို ထိုးဖောက်ဝင်ရောက်လာတာ တွေ့ရတယ်ဗျ။ အခုဆို စစ်ကိုင်းတိုင်းအထိ ထိုးဖောက်ဝင်ရောက်လာတာ” လို့ ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက် မနက် ၈ နာရီ ၂၂ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြိုနယ်၊ မော်ကွန်းတောင် အနောက်ဘက် တောင်ရိုးတလျှောက် စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲ ဖြစ်ပွားခဲ့သလို အခု အချိန်အထိ ရင်ဆိုင်တိုက်ပွဲတွေနဲ့ ကြိုကြားကြိုကြားတိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ထီးချိုင့်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု အများဆုံးပြုလုပ်နေတာဖြစ်ပြီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိသလို အေအေဘက်ကလည်း အထိအခိုက်၊ အကျအဆုံးရှိခဲ့ပေမဲ့ အရေအတွက် အတိအကျတော့ မသိရသေးပါဘူး။
နိုင်ငံရေးသမားတစ်ဦးက"တိုက်ပွဲဆိုတော့ နှစ်ဖက် အထိခိုက် အကျအဆုံးတော့ အနည်းအများ ရှိကြမယ်ပေါ့လေ။ အခု ပြည်မထဲထိ ထိုးဖောက်လာတဲ့ အေအေနဲ့ မဟာမိတ်တပ်ဖွဲ့တွေကြောင့် ဒေသတွင်း PDF တပ်တွေအတွက် အင်အားများစွာရရှိသွားမှာကတော့ အမှန်ပဲ။ အခုလိုအချိန်မှာ နေရာအားလုံး တိုင်းရင်းသားတွေ PDF တွေ တချိန်တည်း တပြိုင်တည်း တိုက်ခိုက်ဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။
ကချင်ပြည်၊ လိုင်ဇာဌာနချုပ်အနီး တိုက်ပွဲတွေမှာလည်း ရက္ခိုင့်တပ်တော် (အေအေ)က မဟာမိတ်တွေနဲ့ အတူ ပူးပေါင်းစစ်ဆင်ဆင်ရေး လုပ်ဆောင်နေပါတယ်။