Home
မြန်မာသတင်း
မန္တလေးမြို့ပေါ်က ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံရ 
DVB
·
October 30, 2023

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက် ၈၄လမ်း ၄၁ နဲ့ ၄၂ လမ်းကြားက ပေါ်ဦးရွှေဆိုင်ဓားပြတိုက်ခံခဲ့ရပြီး ကျပ် ငွေသိန်း တစ်ထောင်ကျော်ဖိုးလောက်ပါသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာ ၃၀ရက် မနက် ၈ နာရီခွဲလောက်က CZIဆိုင်ကယ် ၂ စီးနဲ့ အမျိုးသား ၄ယောက်ဟာ သေနတ်တို တလက်ကိုင်ဆောင်ကာ ရွှေဆိုင်အတွင်းကို သေနတ်နှစ်ချက် ပစ်ဖောက်ဝင်ရောက်ပြီး ဓားပြတိုက်သွားတာလို့ သိရပါတယ်။

ရွှေဆိုင်ကောင်တာအတွင်းရှိ ဆွဲကြိုးအကုံး ၄၀နဲ့ ရွှေကလစ် ၃၀ စုစုပေါင်း ကာလပေါက်ဈေး သိန်း ၁၂၀၀ကျော်ဖိုး ဓားပြတိုက်သွားတာလို့  ပေါ်ဦးရွှေဆိုင် နီးစပ်သူထံမှ သိရပါတယ်။

ရွှေဆိုင်ဝန်ထမ်းတဦးက "ဆိုင်ထဲကို ဝင်လာပြီး ကောင်တာကို သေနတ် ၂ ချက်ဖောက်တာ အကုန်လုံးကြောက်လန့်ပြီး အော်ကြ ပြေးကြနဲ့ ဝပ်တဲ့သူကဝပ်နေကြတာ လက်နက်ပါလာတော့ ကျမတို့လည်း ဘာမှပြန်မခုခံရဲဘူး"လို့ ပြောပါတယ်။

ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေက လာရောက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး မန္တလေးနေရာအချို့ကို ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အခုအချိန်ထိ ဓားပြတိုက်သွားတဲ့သူတွေကို ဖမ်းဆီးမရရှိသေးဘူးလို့ သိရပါတယ်။

ဓားပြတိုက်မှုဖြစ်စဉ် ဖြစ်ပွားတဲ့ နေရာအနီးမှာ မန်းမြို့ဈေးနဲ့ ရွှေဆိုင်အများအပြား ဖွင့်လှစ်ရောင်ချတဲ့ ဆိုင်တွေ ရှိသလို ရွှေထည်အဟောင်းတွေကို ပြန်ဝယ်တဲ့ အပြင်ရွှေဝယ်တဲ့ လမ်းဘေး ရွှေရောင်းဝယ်ရေး ဆိုင်တွေ အများအပြားရှိတဲ့ နေရာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ မတ် ၂၁ရက်ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်မဂ်လာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ ၇၀ ကျပ်သားကျော် ပါသွားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024