ရှမ်းပြည်နယ်မြာက်ပိုင်း၊ လားရှိုး - မူဆယ် လမ်းပေါ်ရှိ သိန္နီက နမ္မတူချောင်း တံတား အောက်တိုဘာ ၃၀ ရက်မနက်ပိုင်းကဖောက်ခွဲခံရလို့ ကျိုးကျ ပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ ဈေးသည် ၁ ဦးက "သိန္နီ တံတားကျိုးသွားပြီ။ ဒီမနက်ပဲ။ အဲဒီတံတား ဟို တနေ့ကတည်းက ဖောက်ခွဲတာ မကျိုးတာ။ ဒီမနက်မှ ကျိုးကျသွားတာ" လို့ပြောပါတယ်။
သိန္နီနဲ့ ကောင်းဟော်ရွာကြား နမ္မတူ ချောင်းတံတား ဖောက်ခွဲခံရလို့ ကျိုးကျတာဖြစ်ပြီး စစ်ကောင်စီတပ်တွေ ထောက်ပို့လုပ်လို့ မရအောင်၊ တက်လာလို့ မရအောင် လုပ်တာလို့ ဒေသခံ အမျိုးသမီး တဦးကပြောပါတယ်။
သိန္နီ အကွေ့ အတက်မှာလည်း မြေကော်စက်နဲ့ မြေတူးပြီး လမ်းပိတ်ထားကြောင်း ကုန်တင် ကားသမားတဦးက ပြောပါတယ်။
"နမ့်စလပ် သွားတဲ့လမ်း၊ တက်သွားရင် ကတ္တား မရောက်ခင် လမ်းဆုံလေ၊ မြေကြီးနဲ့ လမ်းပိတ်ထားတာ။ တံတားက နမ္မတူချောင်းတံတား သိန္နီ အဝင်မုဒ်ဦးနားက။ တနေရာစီပေါ့။”
မန္တလေးဘက်ဆေးကုသဖို့ သွားနေရတဲ့ မူဆယ်က အမျိုးသမီး လူနာ ၁ ဦးကတော့ ကုန်ဈေးနှုန်း တက်မှာထက် တံတားတွေ ကျိုး၊ လမ်းတွေ ပိတ်သွားမှာကို ပိုကြောက်ပေမဲ့ တံတားကျိုးသွားတယ်ကြားတော့ အရမ်းစိတ်ပူ မိတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကနေ့ အောက်တိုဘာ ၃၀ ရက် မနက် အစောပိုင်းက နမ့်ခိုင် တံတားဘက်မှာလည်း တိုက်ပွဲ ဖြစ်နေပါတယ်။ သိန္နီ မြို့အဝင်က နမ္မတူ တံတားက အရင်ကလည်း မကြာခဏ ဖောက်ခွဲ ခံခဲ့ရဖူးပါတယ်။