အိန္ဒိယနိုင်ငံတောင်ပိုင်း ကဲလာရာပြည်နယ်က ညီလာခံခန်းမတခုမှာ ခရစ်ယာန်အဖွဲ့တဖွဲ့က ဆုတောင်းပွဲ ကျင်းပနေတုန်း အောက်တိုဘာ ၂၉ ရက်က ဆက်တိုက် ပေါက်ကွဲခဲ့လို့ လူ ၁ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
ကိုချီမြို့ရဲ့ အရှေ့မြောက်ဘက် ၆ မိုင်ကျော်အကွာ ကလာမာဆာရီမြို့မှာရှိတဲ့ ခန်းမမှာ ဂျဟိုဗာရဲ့ သက်သေများ စည်းဝေးပွဲအတွင်း ပေါက်ကွဲခဲ့တာပါ။
ဒီအဖွဲ့ဟာ သုံးရက်ကြာ ခရိုင် စည်းဝေးပွဲတရပ်ကို ကျင်းပခဲ့တာဖြစ်ပြီး တက်ရောက်ဖို့ မှတ်ပုံတင်သူ ၂,၀၀၀ ကျော်ရှိခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။
ကဲလာရာ ပြည်နယ်ရဲ့ စက်မှုဝန်ကြီး ပီရာဂျိဗ်က ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို ချက်ချင်းမဆုံးဖြတ်နိုင်သေးဘူးလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဂျဟိုဗာရဲ့ သက်သေများအဖွဲ့ဟာ ၁၈၇၀ ပြည့်နှစ်ဝန်းကျင်က အမေရိကန်ပြည်ထောင်စုမှာ တည်ထောင်ခဲ့တဲ့ နိုင်ငံတကာခရစ်ယာန် ဂိုဏ်းခွဲတခုပါ။ သူတို့ဟာ တအိမ်တက်ဆင်း ဧဝံဂေလိတရား ဟောပြောခြင်းအတွက် နိုင်ငံအတော်များများမှာ လူသိများပါတယ်။
စည်းဝေးပွဲခန်းမအတွင်း ပေါက်ကွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ခဲ့ကြောင်း၊ လူ ၂၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး ဆေးရုံပို့ထားတယ်လို့ ဒေသတွင်း သတင်းစာ မာသရူဘူမိမှာ ဖော်ပြထားပါတယ်။
Source/Photo-Reuters